BREAKING
October 18, 2024

မွန်တွင် လုံခြံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်၊ စစ်ဆေးမှုများလည်းလုပ်

October 4, 2024

မွန်ပြည်နယ်တွင် စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်သည့်ကာလတွင် ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူတို့ထံမှ သိရသည်။

စစ်ကောင်စီက စစ်ရေးပဋိပက္ခဖြစ်ပွားမှုနည်းသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့ကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လုံခြုံရေးအင်အားအပြည့်ဖြင့် သန်းခေါင်စာရင်း စကောက်ယူကြောင်း ၎င်းတို့က ပြောသည်။

သန်းခေါင်စာရင်း စကောက်သည့်နေ့ကစပြီး မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင် လုံခြုံရေး တင်းကျပ်ထားကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။

“မြို့အဝင်လို နေရာမျိုးတွေ၊ လမ်းဆုံလမ်းခွလိုနေရာတွေ နောက်ရပ်ကွက်မှာဆိုရင်လည်း လမ်းတွေမှာ လုံခြုံရေး ချထားတယ်။ စစ်ဆေးနေတာတွေလည်း ရှိနေတယ်။ သူတို့ သန်းခေါင်စာရင်းကောက်နေတာကို နှောင့်ယှက်တာမျိုး မရှိအောင် လုပ်တာထင်တယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပြီး လက်ရှိတွင် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရော မြို့နယ် ဘက်တွင် ဆက်လက်ကောက်ခံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးလိုက်လံဆောင်ရွက်နေကြောင်း ဒေသခံတို့က ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီကောက်ခံမည့် သန်းခေါင်စာရင်းကို ပြည်သူများ ပူးပေါင်းပါဝင်မှု မလုပ်ဆောင်ရန် တိုက်တွန်းထားသလို သန်းခေါင်စာရင်းကောက်ယူမည့်သူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။

ရေးဒေသခံတစ်ဦးက “ကျွန်တော်တို့ဘက်လည်း သန်းခေါင်စာရင်းကောက်နေတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ သူတို့ လုံခြုံရေးနိုင်တဲ့ နေရာလောက်ပဲ ကောက်နေတာတွေ့ရတယ်။ အခုထိကတော့ ဘာမှတော့ မကြားသေးဘူး။ သူတို့ကလည်း လုံခြုံရေးအပြည့်နဲ့ ကောက်နေတယ်ဆိုတော့ တစ်ဖက်ကလည်း တိုက်ဖို့ ခိုက်ဖို့က ခက်တယ်လေ” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်ကို လူအင်အား ၁၂၀၀ ကျော်ဖြင့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လိုက်လံကောက်ခံနေသည်။

စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည် ဖြစ်ပြီး ရှေ့ပြေးလူဦးရေစာရင်းကိုမူ လာမည့်ဒီဇင်ဘာလတွင် ထုတ်ပြန်သွားမည်ဟု ကြေညာထားသည်။