BREAKING
January 11, 2025

မောရဝတီရေတပ်က ဖမ်းထားသည့် ကံပေါက်ဒေသခံတစ်ဦးကို ထားဝယ်ထောင်ပို့

October 4, 2024

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် ဇာဒီရွာတို့တွင် မောရဝတီရေတပ်က သြဂုတ်လကတည်းက ဖမ်းဆီးထားသည့် ဒေသခံအမျိုးသားသုံးဦးအနက် တစ်ဦးကို စက်တင်ဘာလ နှောင်းပိုင်းတွင် ထားဝယ်အကျဥ်းထောင်သို့ ပို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်ထောင်သို့ ပို့ဆောင်ခံရသူမှာ ဇာဒီရွာသား အသက် ၂၀ အရွယ် ကိုသန်းထိုက်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

သြဂုတ်လ ၄ ရက်က ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် ကိုသန်းထိုက်အား ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး မောရဝတီရေတပ်သို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်။

လက်ကိုင်ဖုန်းအား စစ်ဆေးရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အဆက်အစပ်ရှိသည်ကို တွေ့ရသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုထံ ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“ထားဝယ်ထောင်တော့ ပို့လိုက်ပြီ။ သူ့အဖေတို့ကတော့ အမှုရုံးချိန်းသွားနေရတယ်။ (အခု) ရွာမှာလည်း မနေကြတော့ဘူး ဆိုတော့ ကျန်တာတော့အသေးစိတ်ထပ်မသိရတော့ဘူး” ဟု ဇာဒီရွာသားတစ်ဦး ကပြောသည်။

ကိုသန်းထိုက်အား မည်သည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုထားသည်ကိုမူ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သြဂုတ်လ အလယ်ပိုင်းက ဖောင်းတောရွာတွင် အဖမ်းခံရသည့် ကိုဇေယျာဦးနှင့် ကိုသိန်းမြင့်လွင် (ခေါ်) ကိုစုကမ်းတို့နှစ်ဦး တို့ကို မောရဝတီရေတပ်တွင် ယနေ့ အောက်တိုဘာလ ၄ ရက်အထိ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ရွာသားများထံက သိရသည်။

“မိသားစုကတော့ လိုက်နေကြတယ်။ ပို့ပေးစရာတွေလည်း ပို့နေတယ်။ လူချင်းတော့ မတွေ့ရသေးဘူး။ ရေတပ်ထဲမှာပဲ ရှိနေတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း၌ပင် မောရဝတီရေတပ်က ဖမ်းဆီး၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုကာ ထောင်ချထားသည့် ကံပေါက်ဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးခြောက်ဦး စုစုပေါင်း ရှစ်ဦးအထိရှိပြီဖြစ်သည်။