BREAKING
October 16, 2024

ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာ မြိတ်ခရိုင်က ရဲဘော်တစ်ဦး ဆွတ်ခူး

October 4, 2024

တော်လှန်ရေးအင်းအားစု ရန်ပုံငွေအတွက် ရောင်းချနေသည့် ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က ရဲဘော်တစ်ဦး ဆွတ်ခူးသွားကြောင်း အဆိုပါတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ထောက်ပို့ထီကို ယခုနှစ် ဇန်နဝါရီလမှစပြီး တစ်လတစ်ကြိမ်ပုံမှန် ရောင်းချ၊ ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး စက်တင်ဘလ ၂ ရက်တွင် ၉ ကြိမ်မြောက်ထီကို ဖွင့်လှစ်ခဲ့သည်။

၉ ကြိမ်မြောက်ထီဖွင့်ပွဲတွင် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပထမဆု ကျပ်သိန်းငါးရာ ကံထူးသွားခြင်းဖြစ်သည်။

“ရောင်းမကုန်တဲ့အထဲက ကျွန်တော်တို့တပ်ရင်းက ရဲဘော်တွေကို မျှပြီးရောင်းလိုက်တာ။ ‌ရဲ‌ဘော်တွေက သူတို့မုန့်ဖိုးထဲက တတ်နိုင်သမျှဝယ်ကြတာ။ အဲဒီထဲက တစ်စောင် ပထမဆုပေါက်သွားတာပေါ့” ဟု ရဲဘော်အာနိုးက ပြောသည်။

ထောက်ပို့ထီကို ထိုင်းနိုင်ငံတွင် အခြေစိုက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိုင်းထီကဲ့သို့ပင် ဘော်လုံးလေးများလိမ့်ကာ ပေါက်မဲ ဂဏန်း ခြောက်လုံးကို မဲနှိုက်ရွေးချယ်ခြင်းဖြစ်သည်။

လစဉ် ၂ ရက်နေ့တွင် ထီဖွင့်ပြီး ထီဖွင့်ပွဲအား ထောက်ပို့ထီ Facebook Page က တိုက်ရိုက်ထုတ်လွှင့်ပေး‌လျက်ရှိသည်။

ထောက်ပို့ထီကို ပထမဆု ကျပ်သိန်းငါးရာ၊ ဒုတိယဆု ကျပ်သိန်းငါးဆယ်၊ တတိယဆု ကျပ်သိန်းသုံးဆယ်ကျပ်နှင့် ငါးသိန်းကျပ် လေးဆု၊ တစ်သိန်းကျပ် ၈၉ ဆု၊ ငါးသောင်းကျပ် ၉၂၇ ဆု လစဉ်ချီးမြှင့်ပေးသည်။

ယခင်က တနင်္သာရီတိုင်းတွင် ကျပ်သောင်းဂဏန်းဆုများသာ ပေါက်လေ့ရှိပြီး ဆုကြီးဝင်လေ့မရှိဘဲ ၉ ကြိမ်မြောက်တွင် ပထမဆုံးအကြိမ်အဖြစ်တနင်္သာရီတိုင်းက ထောက်ပို့ထီအမြင့်ဆုံးဆု ကံထူးခြင်းဖြစ်ကြောင်း ရဲဘော်အာနိုးက ပြောသည်။

တနင်္သာရီတိုင်းတွင် မြိတ်ခရိုင်တပ်ရင်း ၁၊ ထားဝယ်ခရိုင်တပ်ရင်း ၁ စသည့်တို့က ထောက်ပို့ထီကို ကိုယ်စားလှယ်ယူပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသတို့တွင် ဖြန့်ချိရောင်းချလျက်ရှိသည်။

ထီတစ်စောင်၏ တန်ဖိုးမှာ ၂၀၀၀ ကျပ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တစ်စောင်လျှင် ၂၅ ဘတ်ဖြစ်သည်။

“ထိုင်းမှာထက် ပြည်တွင်းမှာက ပိုပြီးရောင်းရတယ်” ဟု ရဲဘော်အာနိုးက ဆိုသည်။

ဆုငွေများကို ထုတ်ပေးပြီး ကျန်သည့်ငွေကြေးများကို ‌စစ်ဘေးရှောင်စခန်းများ၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍအပါဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တို့၏ ရန်ပုံငွေအဖြစ်အသုံးပြုကြောင်း ထောက်ပို့ထီအဖွဲ့က ထုတ်ပြန်ပြောဆို ထားသည်။

ဇူလိုင်လ တစ်လတည်းတွင်ပင် ပြည်တွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးရှောင်စခန်းများအပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၁၃၂ ဖွဲ့ထံ ငွေကျပ် သိန်း ခြောက်ထောင်ကျော်၊ စင်ကာပူဒေါ်လာ တစ်ထောင်ကျော်၊ ထိုင်း ဘတ်ငွေ ၉၀၀ ၊ မလေးရှား ရင်းဂစ် ၂၄၂၈ ထောက်ပံ့ထားကြောင်း ထောက်ပို့ထီအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတို့အထဲတွင် တနင်္သာရီတိုင်းရှိ တပ်ရင်း၊ တပ်ဖွဲ့အနည်းဆုံး လေးဖွဲ့လည်း ထောက်ပံ့ငွေများရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။