BREAKING
January 12, 2025

မြိတ်မြို့ပေါ်တွင် ဆိုင်ကယ်စီးသွားလာစဉ် ရိုက်နှက်ခံရမှုများကြုံရ

October 4, 2024

မြိတ်မြို့ပေါ်တွင် စက်တင်ဘာလနှောင်းပိုင်းကစ၍ ဆိုင်ကယ်စီးသွားလာသူ အရိုက်ခံရမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွား ကြောင်း ရိုက်ခံရသည့် ကာယကံရှင်၊ ကာယကံရှင်နှင့် နီးစပ်သူများတို့ထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက် နေ့လယ်ပိုင်းက တပ်ပြင်ရပ်၊ ပြည်တော်သာဘုန်းကြီးကျောင်း အလှူခံမဏ္ဍပ်အနီးတွင် အမျိုးသမီး တစ်ဦး စီးလာသည့် ဆိုင်ကယ်အား အမျိုးသားတစ်ဦးက တုတ်ဖြင့် လှမ်းရိုက်ခဲ့ကြောင်း ရိုက်ခံရသည့် ကာယကံရှင် အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

ရိုက်နှက်ခံရစဉ် ဆိုင်ကယ်ဦးထုပ် ဆောင်းထားသဖြင့် ဒဏ်ရာမရသော်လည်း ဦးထုပ်မှာမူ ကွဲကြေ သွားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ယင်းဖြစ်စဥ်ဖြစ်သည့် နေရာသည် လူပြတ်သဖြင့် ပတ်ဝန်းကျင်က သတိထားမိကြကြောင်း ကာယကံရှင်အမျိုးသမီးက ရေးသားထားသည်။

အဆိုပါအမျိုးသမီးကို Dawei Watch ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။

အဆိုပါလမ်းပိုင်းတွင် တုတ် ကိုင်ဆောင်သွားလာနေသည့် အမျိုးသားတစ်ဦးကို မကြာခဏတွေ့ရလေ့ရှိကြောင်း မြို့များက ဆိုသည်။

အလားတူ စက်တင်ဘာလ ၂၃ ရက်ကလည်း မြိတ်မြို့ရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုက အမျိုးသမီးအရောင်း ဝန်ထမ်းတစ်ဦး ဆိုင်ကယ်ဖြင့်ပစ္စည်းသွားပို့ပေးစဥ် အနောက်လယ်ရပ် မီးပွိုင့်တွင် တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

“မီးပွိုင့်မိနေတုန်းက နောက်ကလာပြီး တုတ်နဲ့ရိုက်တာ။ လက်ကာလိုက်လို့ လက်ပဲထိတယ်။ ရိုက်တဲ့လူက ဆိုင်ကယ်နဲ့ နှစ်ယောက်ပါတယ်။ ပြီးမှ လူမှားသွားပြီလို့ တောင်းပန်ပြီး မောင်းသွားတယ်။ ရိုက်ခံရတဲ့မိန်းကလေးလည်း ရုတ်တရက် ဆိုတော့ ဘာလုပ်ရမှန်းမသိဘဲ ငိုပြီးပြန်လာတယ်” ဟု ယင်းအရောင်းဝန်ထမ်းနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရိုက်နှက်သူတို့မှာ ပစ္စည်းလုသည့် ပုံစံမျိုးမဟုတ်ဘဲ စိတ်ကြောင်နေသည့် ပုံစံမျိုးဖြစ်သည်ဟု ကာယကံရှင် အမျိုးသမီးက ပြောဆိုကြောင်း ၎င်းက ဆိုသည်။

ယခင်ကလည်း မြိတ်မြို့ တွင် အရက်ကြောင်၊ ဆေးကြောင်၍ ဓားခုတ်မှု၊ ရိုက်မှုများ ရံဖန်ရံခါကြားရလေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။