BREAKING
October 18, 2024

စစ်မှုထမ်းရှောင် မြန်မာတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်

October 4, 2024

ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ခြောက်သန်းပေါက်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၇၁၈၆၆၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။

အဆိုပါမြန်မာသည် စစ်မှုထမ်းရန် အမည်စာရင်းပါလာသဖြင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသူဖြစ်ပြီး ကန်ချဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေခဲ့ကြောင်း AAC ထံမှသိရသည်။

သို့သော်လည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်နှင့် လိုက်လံ ဖမ်းဆီးမှုများနေခဲ့သဖြင့် လပိုင်းမျှ အလုပ်လုပ်ပြီး ရပ်နားထားရကာ တောထဲတွင် ရှောင်နေခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံသားသည် အဖမ်းအဆီးကို တိမ်းရှောင်နေစဉ် ထီတစ်စောင်ကို ထိုးလိုက်ရာမှ ပထမဆု ဘတ် ခြောက်သန်း ကံထူးခဲ့ခြင်းဖြစ်ကြောင်း AACမဟာမိတ်အဖွဲ့ အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

ထီကံထူးပြီးနောက် ဆုငွေများထုတ်ယူနိုင်ရန် AAC မဟာမိတ်အဖွဲ့ထံ ဆက်သွယ်ကူညီတောင်းခံလာသဖြင့် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆုငွေထုတ်ယူပေးပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပုလိပ် (ရဲ) ဖမ်းမှာ ကြောက်လို့ တောထဲမှာ သွားပုန်းနေရင်းနဲ့ ထီလက်မှတ်သမားကလည်း လာရောင်းတာ။ ထီသုံးစောင် လာရောင်းပေမဲ့ သူက တစ်စောင်ပဲ ဝယ်လိုက်တာပေါ့နော်။ ကျန်တဲ့သူတွေက ပိုက်ဆံမရှိလို့ မဝယ်လိုက်ကြဘူး။ အဲဒီမှာ သူက ပေါက်သွားတာ” ဟု ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုသည်။

ထီပေါက်သူသည် မွန်ပြည်နယ်ဇာတိဖြစ်ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

AAC မဟာမိတ်အဖွဲ့က ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ယခုအကြိမ်အထိ ၄၇ ဦး ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်လိုက်သော ပထမဆု ဘတ် ခြောက်သန်းကိုလည်း ရနောင်းတွင် နှစ် ၂၀ ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသော ရခိုင်ဒေသခံတစ်ဦးက ကံထူးခဲ့သေးပြီး မြန်မာနိုင်ငံသားများ ဆက်တိုက် ထီပေါက်နေခဲ့ခြင်းဖြစ်သည်။