BREAKING
October 18, 2024

ထိုင်းတောင်ပိုင်းတွင် မြန်မာရေလုပ်သားတစ်ဦး လှေပေါ် ဓာတ်လိုက်သေဆုံး

October 4, 2024

ပုံစာ - လှေပေါ်က အလောင်းကိုသယ်လာစဉ်။ ဓာတ်ပုံ - ဖန်ငခရိုင် ငါးဖမ်းလုပ်ငန်းဌာန။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် ငါးဖမ်းလှေလိုက်နေသော မြန်မာရေလုပ်သားတစ်ဦးသည် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် လှေပေါ် အလုပ်လုပ်နေစဉ် ဓာတ်လိုက်သေဆုံးကြောင်း ဖန်ငခရိုင် ငါးဖမ်းလုပ်ငန်းဌာနက ထုတ်ပြန်သည်။

မြန်မာရေလုပ်သား အသက် ၄၁ နှစ်အရွယ် ဦးရွှေသိန်းသည် ဖန်ငခရိုင် ပင်လယ်ထဲရှိ ငါးဖမ်းလှေပေါ် ပိုက်ချငါးဖမ်းနေစဉ် စက်နှင့်ထိမိပြီး ဓာတ်လိုက်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရုပ်အလောင်းကို စစ်ဆေးနိုင်ရန် ခူရဘူရီကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးသားထားသည်။

သေဆုံးရသော အကြောင်းအရင်းကို စစ်ဆေးပြီးနောက် ဥပဒေအရ နစ်နာကြေးများ မိသားစုထံပေးအပ်နိုင်ရန် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး အလုပ်ရှင်ကိုလည်း ဥပဒေအရ တာဝန်ယူစေမည်ဖြစ်ကြောင်း ဖန်ငခရိုင် ငါးဖမ်းလုပ်ငန်းဌာနက ထုတ်ပြန်သည်။

အလုပ်သမား သေဆုံးမှုနှင့်ပတ်သက်၍ လှေဝင်လှေထွက်စစ်ဆေးသူများ (PIPO) က လှေပေါ်တွင် အခွင့်အရေး ချိုးဖောက်ထားခြင်း ရှိမရှိ စစ်ဆေးခဲ့ပြီးနောက် သက်သေများကို သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

သို့သော် အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ ဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ပင်လယ်ထဲတွင် မြန်မာအပါအဝင် ရွှေ့ပြောင်း ငါးဖမ်းလုပ်သား သေဆုံးမှုနှင့် ပျောက်ဆုံးမှုသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ် အတွင်း ၃၀၆ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းခံခဲ့သည်မှာ ဆယ်ဂဏန်းသာရှိနေခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့က ကိုနေလင်းသူက ပြောသည်။

“လှေအမှုက ရှားပါးတယ်လို့ပြောလို့ရတယ်။ အထူးသဖြင့် လှေပေါ်မှာဖြစ်ပြီး ပျောက်သွားကြတာ များတာကိုး။ အလုပ်သမားတွေ လာတိုင်ရဲမှ လှေအမှုတွေက ရှိလာတာ” ဟု ၎င်းက ပြောဆိုသည်။

လှေပေါ်တွင် အလုပ်လုပ်စဉ် သေဆုံးဒဏ်ရာရရှိခဲ့သော အမှုများအတွက် နစ်နာကြေးရရှိရန် မြန်မာအလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပြီး အမှုအနိုင်ရရှိမှု ရာခိုင်နှုန်းလည်း မြင့်မားလေ့ရှိကြောင်း AAC မဟာမိတ်အဖွဲ့က အကြံပြုထားသည်။