ခေတ်အဆက်ဆက်ရှင်ကြီးဝမ်းကော ရှင်ငယ်ဝမ်းပါ ဝင်ခဲ့ဖူးသည့် တနင်္သာရီဒေသ။ သမိုင်းမှတ်တမ်းတို့ အထင်ကရရှိခဲ့သည့် ကိုလိုနီခေတ်မှကြည့်လျှင်ပင် တနင်္သာရီတိုင်းသားအချို့ မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ထင်ရှားခဲ့သည်။
ဗိုလ်မှူးကြီးဗထူး၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူသွားခဲ့သူ သခင်ဗသိန်းတင် စသောခေါင်းဆောင်များ။ အကြင် ထင်ရှားခဲ့သူများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို ကြည့်ကာ တူညီသော အချက်တချို့ကို ကောက်ချက်ချမိသည်။
သူတို့သည် မြန်မာတပြည်လုံး၏ အရေးကို လုပ်ဆောင်ခဲ့ရသည်။ မွေးရပ်တနင်္သာရီဒေသတစ်ခုတည်းအတွက် ကြည့်၍ လုပ်ဆောင်ခဲ့ခြင်းမျိုး မတွေ့ရ။ တနင်္သာရီတိုင်းနေပြည်သူ အများစုတို့က ထောက်ခံမြှောက်စား၍ ထိုခေါင်းဆောင်ကြီးများတို့ ထင်ရှားလာခဲ့ခြင်းမျိုးမဟုတ်။ ချုပ်ပြောရလျှင် ထိုခေတ်များက တနင်္သာရီတိုင်းအတွက်အရေးစိုက် လုပ်ဆောင်၊ တနင်္သာရီနေပြည်သူတို့၏ အသည်းစွဲ လူထုခေါင်းဆောင် မျိုး အထက်ပါခေါင်းဆောင်တို့ မဖြစ်ခဲ့ကြပေ။ သို့ဆိုလျှင် တနင်္သာရီဒေသတွင် တနင်္သာရီပြည်သူတို့က တခဲနက်ထောက်ခံသော တနင်္သာရီတိုင်းသား လူထုခေါင်းဆောင်မျိုး ရှိခဲ့ မရှိခဲ့ တွေးဆဖွယ်ဖြစ်သည်။ ထိုခေါင်းဆောင်မျိုး ရှိ မရှိသော်ငြားလည်း နိုင်ငံရေး အလှည့်အပြောင်းများတွင် တနင်္သာရီပြည်သူတို့ကို ခေါင်းဆောင်မှု ပေးခဲ့သည့် တနင်္သာရီဒေသမှ မဟုတ်သူများရှိနိုင်ပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်။ သူမ၏ ခေါင်းဆောင်မှု အောက်ဝယ် တနင်္သာရီပြည်သူတို့ ရှိကြောင်း ပြီးခဲ့သော ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကသက်သေပင်ဖြစ်သည်။
ယနေ့အခါတွင် မြန်မာပြည်၏ နိုင်ငံရေးမှာ အမှောင် အတိနှင့် မုန်တိုင်းထန်နေသည်။ နိုင်ငံရေးအရ လူထုကို ခေါင်းဆောင်မှုပေးနိုင်သော ခေါင်းဆောင်မှာ အချုပ်နှောင်ခံနေရသည်။ မုန်တိုင်းကြားတွင် မုန်တိုင်းကို အန်တုကာ လိုရာခရီးရောက်အောင် ပြည်သူအများကို စုစည်းဦးဆောင်မည့် ခေါင်းဆောင်မှုမျိုး လမ်းပြမှုမျိုး လိုနေသည်ဟု မြင်သည်။ လူပုဂ္ဂိုလ်တစ်ဦးတည်းကို အမှီပြုသော ခေါင်းဆောင်မှုမျိုး မရနိုင်သော အခြေအနေတွင် ပြည်သူများအကြားတွင် ‘နိုင်ငံရေးခေါင်းဆောင်မှု လေဟာနယ်’ ဖြစ်နေသလားဟုတွေးမိသည်။
တပြိုင်နက်တည်းတွင်ပင် ဖက်ဒရယ်ပြည်ထောင်စုသို့ သွားမည်ဟူသော စဉ်းစားချက် ပန်းတိုင်မျိုးကို လက်ရှိ လှုပ်ရှားနေကြသော နိုင်ငံရေးအစုအဖွဲ့များက ပြောလာကြသော အခါတွင် ဖက်ဒရယ်၏အနှစ်သာရများထဲမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုပေါင်းအုပ်ချုပ်ခွင့်တို့ကိုဖော်ဆောင်နိုင်မည့် ခေါင်းဆောင်မှုမျိုး၊ တပြည်လုံးအတွက် ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ မိမိတို့ တိုင်းဒေသအတွက် ဖက်ဒရယ်ခရီးဆက်ရန် နိုင်ငံရေးအရ ခေါင်းဆောင်မှုမျိုးကို ပို၍တွေးမိပါသည်။
အဘယ်ကြောင့်ဆိုသော် ဗဟိုကချုပ်ကိုင်သော အုပ်ချုပ်စီမံမှုမျိုး၊ ဗဟိုချုပ်ကိုင်သော သယံဇာတ အခွန် အခ ခွဲဝေမှုမျိုးကို ပြည်သူတို့ စိတ်ကုန်နေကြကာ မတူကွဲပြားသော လူမျိုးစု၊ နေရာဒေသအလိုက် တည်ရှိနေသော ပထဝီအနေအထား၊ သယံဇာတများအပေါ်ထိုဒေသနေ ပြည်သူတို့ကလွတ်လပ်စွာ စီမံခန့်ခွဲကာ ကိုယ်ပိုင်အုပ်ချုပ်ခြင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်းကို ပို၍ လိုလားလာကြသော အနေအထားမျိုးတွင် ဒေသတွင်း ခေါင်းဆောင်မှုက ပို၍ အရေးပါလာသည်ကို တွေ့လာရ၍ဖြစ်သည်။ ဤနေရာတွင် ခေါင်းဆောင်မှုဟူသည်ကို ပြည်သူအများ လိုလားသော နိုင်ငံရေး အနေအထားတစ်ခုသို့ ကြိုးပမ်းပြောင်းလဲရာတွင် ထိရောက်မြန်ဆန်မှန်ကန်စေရန် လမ်းပြစုစည်းလုပ်ဆောင် ပေးနိုင်မှု အဖြစ်ရည်ညွှန်းလိုသည်။
အထူးသဖြင့် တော်လှန်ရေးကာလတွင် နိုင်ငံရေးအရ ခေါင်းဆောင်မှုလေဟာနယ်ဖြစ်သောအခါတွင် နိုင်ငံရေး လှုပ်ရှားနေကြသော အစုအဖွဲ့များအကြား၊ ပြည်သူများအကြားဘုံရည်မှန်းချက် ပန်းတိုင်ပင်ရှိလင့်ကစား စုစည်းမှုပျောက်ကာ တော်လှန်ရေး အားနည်းသွားခြင်းမျိုး ဦးတည်ရာမဲ့ဖြစ်တတ်သောသဘောမျိုးဖြစ်လာနိုင်ကာ အချင်းချင်းအကြား တဖက်အင်အားစု၏ သပ်လျှိုသွေးခွဲခြင်းခံရနိုင်သည်။ ထိုအခါတွင် လိုလားသော အပြောင်းအလဲများဖြစ်ရန် လွန်စွာ ကြန့်ကြာခြင်းမျိုး၊ ပန်းတိုင်ပျောက်သွားခြင်းမျိုးကြုံရနိုင်သည်။
တော်လှန်ရေးကာလ လတ်တလောတွင် တနင်္သာရီတိုင်း၏ နိုင်ငံရေး ခေါင်းဆောင်မှု မည်သည့်နေရာတွင်ရှိနေသနည်း။ မည်သည့်ပုံစံမျိုးဖြင့် ရှိနေပါသနည်း။ ခေါင်းဆောင်မှုလေဟာနယ် ဖြစ်နေသလော။ ဖြစ်နေလျှင်မည်သို့ကုစားမည်နည်း။
အထက်ပါမေးခွန်းအချို့ကိုဖြေကြည့်ရာတွင် တွေးဆနိုင်ရန် တနင်္သာရီတိုင်းရှိ လက်ရှိ နိုင်ငံရေးအင်အားစုများ နှင့် ယင်းတို့၏ နိုင်ငံရေးအရ ခေါင်းဆောင်မှု အခြေအနေကို သုံးသပ်ကြည့်ရန်လိုမည်ဟုထင်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH)
ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲဖြင့် ရွေးကောက်ခံရသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းကြောင့် လူထု၏တရားဝင် အသိမှတ်ပြုလက်ခံမှုရှိသောအဖွဲ့၊ တနင်္သာရီ၏ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်အချို့ကို ချမှတ်လုပ်ဆောင်နိုင်သည့် အစုအဖွဲ့ဖြစ်သည်။ သို့ရာတွင် အစုအဖွဲ့အနေဖြင့် တနင်္သာရီ ပြည်သူများအတွက် မည်သည့်နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ခဲ့၊ လုပ်နေသနည်းဟူသည်က မေးခွန်းဖြစ်သည်။
CRTH ပါကိုယ်စားလှယ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်ပြည်သူများကို နိုင်ငံရေး ဦးဆောင်မှုများပေးနေပါသလော။ မိမိတို့ကို အားပေးနေသော မြေပြင်မှပြည်သူအချို့နှင့် မည်သည့် ချိတ်ဆက် လှုပ်ရှားမှုများ ရှိပါသနည်း။ လက်ရှိကြုံနေရသော နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရန် တနင်္သာရီတိုင်းအနေဖြင့် မည်သို့ ဆောင်ရွက်မည်ကို အစီအစဉ်ချမှတ်ပြီးဖြစ်ပါသလား။ အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် ပါဝင်ကြမည့် ပြည်သူတို့ကို မည်သို့ ဦးဆောင်မည်၊ ပန်းတိုင်ရောက်အောင်မည်သို့ အကောင်အထည်ဖော်မည်နည်း။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် တနင်္သာရီအနေဖြင့် မည်သို့ပါဝင်မည်နည်း။ အထက်ပါမေးခွန်းအချို့အတွက် CRTH အဖွဲ့ဝင်တို့က မည်သို့ ဖြေသနည်း ဆိုသည့်အပေါ်မူတည်၍ CRTH ၏ တနင်္သာရီလူထုအပေါ်တွင် နိုင်ငံရေးအရ ခေါင်းဆောင်မှု ပေးနိုင်ခြင်း အားကောင်းမကောင်း သုံးသပ်နိုင်သည်။
ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်များ
ကိုယ်စားလှယ်များ၏ နိုင်ငံရေးအရဖြစ်တည်မှုမှာ CRTH ကဲ့သို့ပင်ဖြစ်သော်လည်း တနင်္သာရီ၏ အရေးကိစ္စများကို အခြားသော ပြည်နယ်၊ တိုင်းဒေသများက ကိုယ်စားလှယ်များပါဝင်သော အစုအဖွဲ့ကြီးတွင် ပြောဆိုရန်၊ နိုင်ငံလုံးဆိုင်ရာ ကိစ္စရပ်များကို ပါဝင်လုပ်ဆောင်ရမည့် သူများဖြစ်သည်။ သူတို့သည် CRPH ခေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီတွင် ပါဝင်သလား။ ပါဝင်လျှင် မည်သည့်ကိစ္စများကို ဆောင်ရွက်ပါသနည်း။ တနင်္သာရီတိုင်းနှင့်ဆိုင်သော မည်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နေပါသနည်း။ ယင်းနောက် CRTH ကိုမေးသော မေးခွန်းအချို့ကိုလည်း ထိုကိုယ်စားလှယ်များကိုလည်းမေးရပေမည်။ သူတို့၏ အဖြေသည်ပင် နိုင်ငံရေးခေါင်းဆောင်မှုကို လှစ်ဟပြနိုင်ပေလိမ့်မည်။
သပိတ်ကော်မတီများ (ပြည်သူ/ကျောင်းသား/ဝန်ထမ်း/အလုပ်သမား/လယ်သမားစသည်)
သပိတ်ကော်မတီများဟုရည်ညွှန်းခေါ်ဆိုလိုက်ရသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် အကြမ်းမဖက်စုဝေး ဆန္ဒပြခြင်း၊ လူထုစည်းရုံးလှုပ်ရှားမှုများ နှင့် အကြမ်းမဖက်သော နည်းစုံသုံးကာ သပိတ်မှောက်ခြင်းများတွင်ပါဝင်ကြသော နယ်ပယ်အသီးသီးမှ ပြည်သူများကိုဆိုလိုသည်။ သူတို့တွင် မတူကွဲပြားသော နိုင်ငံရေး အယူအမြင်ရှိကြမည်ဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဟူသော ခေါင်းစဉ်အောက်တွင် စုစည်းမိကြ၏။ သူတို့၏ လှုပ်ရှားမှုကြောင့်လည်း အာဏာသိမ်းအုပ်စု အတော်ပင် ဟန်ချက်ပျက်ရသည်။
အထက်ပါအစုအဖွဲ့များ၏ ခေါင်းဆောင်ပိုင်းနှင့် ပါဝင်သူများ၏ အနာဂတ် နိုင်ငံရေးဆိုင်ရာ မျှော်မှန်းချက်၊ ဦးတည်ချက်မည်သို့ရှိကြပါသနည်း။ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့်နည်းများဖြင့် ရှေ့ဆက်မည်နည်း။ ဖက်ဒရယ်စနစ်ကျင့်သုံးမည်ဆိုလျှင် တနင်္သာရီ သည် မည်သည့် ပုံစံမျိုးဖြင့် ပြည်ထောင်စုတွင်ပါဝင်မည်၊ သို့ မပါဝင်မည်ကို မည်သို့စဉ်းစားထားကြသနည်း။ အဘယ်ကြောင့်နည်း။
သည်မေးခွန်းများကို ပါဝင်သူ များဖြေကြည့်လျှင် တနင်္သာရီ၏ နိုင်ငံရေးအရွေ့ ခေါင်းဆောင်မှုအတိုင်းအတာကို တစုံတရာထင်ဟပ်နိုင်မည်ထင်သည်။
အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသော နိုင်ငံရေးအဖွဲ့များနှင့်လက်နက်ကိုင်များ
ဤအစုအဖွဲ့များသည် စစ်အာဏာရှင် ကျရှုံးရေးတွင် အင်အားသုံးသည့်နည်းဖြင့်တန်ပြန်ခုခံတော်လှန်ကြသည့် အဖွဲ့မျိုးဟု ယေဘုယျကောက်ချက်ချနိုင်သည်။ အမည်စုံ၊ နေရာစုံ၊ ရည်ရွယ်ချက်စုံ၊ နည်းလမ်းစုံဖြင့် အဖွဲ့များစွာအသီးသီးရှိကြသည်။ အချို့အဖွဲ့များမှာ နိုင်ငံရေးအရ စုဖွဲ့မှုပုံစံဖြစ်ကာ အင်အားသုံး တန်ပြန်တော်လှန်သည့်နည်းကို ပေါ်ထင်စွာမဆောင်ရွက်ပေ။ တချို့မှာ လက်နက်ကိုင် တန်ပြန်ခုခံတော်လှန် ကြခြင်းကိုသာ လုပ်ဆောင်ကာ စစ်အာဏာရှင်ကျရှုံးရေးကိုသာ ဦးတည်သည်။ ဤနေရာတွင် အဖွဲ့များ၏ ဦးစားပေး လုပ်ဆောင်နေသည်မှာ စစ်အာဏာရှင် အမြစ်ပြတ်ရေးပင်ဖြစ်သည်။
ထိုအဖွဲ့များ၏ ဦးဆောင်သူများ ပါဝင်သူများအနေဖြင့် စဉ်းစားချက်နှစ်မျိုးရှိနိုင်သည်။
တစ်ခုမှာ ‘ဖျက်ရေး’ ဖြစ်ကာ ကျန်တစ်ခုမှာ ‘ပြုရေး’ ဖြစ်သည်။ ဖျက်ရေးမှာ စစ်အာဏာရှင်ဖျက်ရေး။ ပြုရေးမှာ ဖျက်လိုက်သော စနစ်တွင် အစားထိုးမည့် စနစ်ကို ပြုရေးနှင့် ဖက်ဒရယ်စနစ်အတွက် ပြုပြင်ပြောင်းလဲရေးများ၊ ဒီမိုကရေစီအရေး ပြုပြင်ဆောင်ရွက်ရေးများဖြစ်နိုင်သည်။ ထိုအဖွဲ့များ၏ ရည်မှန်းချက်များ ပြည့်အောင် မည်သည့်အရာမျိုးကို မည်သို့ဆောင်ရွက်မည်၊ အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ရသည် ဟူသော ခေါင်းဆောင်များ၊ ပါဝင်သူများ၏ စဉ်းစားချက်များ ကို သိရလျှင်ပင် ထိုအဖွဲ့များ၏ နိုင်ငံရေးခေါင်းဆောင်မှုကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ (တန်ပြန်ခုခံရေးဆိုင်ရာဖြစ်ခြင်းကြောင့် အချို့သော အကြောင်းအရာများမှာ လျှို့ဝှက်ထားရမည်မှန်သော်လည်း အဖွဲ့များ၏ နိုင်ငံရေးလမ်းပြမြေပုံကို စိတ်ဝင်စားသူတို့ သိရှိအောင်မျှသင့်သည်သာ)
နိုင်ငံရေးပါတီများ
တကယ်တော့ အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံရေးဦးဆောင်မှုများပြုသော အရပ်ဖက် နိုင်ငံရေးပါတီများ ၏ လှုပ်ရှားမှုများအဆုံးသတ် ခံရခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ပါတီအချို့သည် အရပ်သားစစ်စစ်များ၏ တည်ထောင်လှုပ်ရှားမှုက စတင်ဖြစ်တည်လာသော်လည်း တချို့မှာ စစ်တပ်က နိုင်ငံရေးတွင်ခြယ်လှယ်ရန် ဟန်ပြထောင်ထားသောပါတီများ၊ စစ်တပ်၏ ဩဇာခံပါတီများဖြစ်နေသည်။ ထို့ကြောင့်ပင် အရပ်ဖက် နိုင်ငံရေး ပါတီများအကြား၊ နိုင်ငံရေးသမားများအကြား ပြဿနာရှိလျှင် ပါတီအချို့မှာ စစ်တပ်ကို ပြေးကပ်၍ အခွင့်အရေး ရရန်တောင်းဆိုမှုများရှိနေသည်။
တနင်္သာရီတွင်ကြည့်လျှင် ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီကလွဲလျှင် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာဆန့်ကျင်သည့်ပါတီမရှိသလောက်ပင်။ စစ်ဗိုလ်ဟောင်းများ၏ ကြံ့ခိုင်ရေးပါတီကား ပြောင်ကျကျပင်အာဏာသိမ်းမှုကို ထောက်ခံသည်။ ယခုအခါတနင်္သာရီ၏ အိမ်စောင့်အစိုးရအမည်ခံ၍ စစ်ကောင်စီကပေးသောရာထူးများကို ကြံ့ခိုင်ရေးပါတီဝင်အချို့ယူထားသည်။ ထားဝယ်တိုင်းရင်းသားများပါတီသည် အာဏာသိမ်းမှုကို ကန့်ကွက်သော ထုတ်ပြန်ချက်မျိုး ပါတီအနေဖြင့် ဆောလျင်စွာမထွက်လာခဲ့သည့်အပြင် စစ်ကောင်စီခန့် ရွေးကော်အသစ်၏ အစည်းအဝေးသို့ ထိုအချိန်က ပါတီ ၏ဥက္ကဋ္ဌဖြစ်သူ ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ထိုသို့ သွားတက်ခြင်းမှာ ပါတီသဘောထားမဟုတ်ဟုဆိုကာ ဥက္ကဋ္ဌမှာ ပါတီမှ ထုတ်ပယ်ခံလိုက်ရသည်။ နောက်ပိုင်း အစည်းအဝေးများကိုမူ ထားဝယ်တိုင်းရင်းသားများပါတီမှ သွားတက်သည်ကို မတွေ့ရတော့။
မွန်ညီညွတ်ရေးပါတီဝင်အချို့ စစ်ကောင်စီတွင်ပါဝင်ကြသည်။ တစည၊ ပြည်ထောင်စုကောင်းကျိုးဆောင်၊ ပီသုံးလုံး တို့သည်လည်း ငြိမ်ချက်သားကောင်းသလို ကရင်ပြည်သူ့ပါတီသည်လည်း မည်သည့်အသံမျှထွက်မလာခဲ့ပေ။
အာဏာသိမ်းမှုသည် ပါတီများအတွင်း အကွဲအပြဲအချို့ကိုဖြစ်သွားစေကာ ပါတီထိပ်ပိုင်းများလည်း အပြောင်းအလဲဖြစ်နိုင်သည်။ အချို့သည် ပါတီမှထွက်ကာ၊ ခွာကာ နည်းပေါင်းစုံဖြင့် တော်လှန်ရေးလုပ်နေနိုင်သည်။ တချို့မှာ ပါတီတွင်းပြုပြင်ရေးလုပ်၍ အာဏာရှင်ဆန့်ကျင်ရေးအတွက်ရော၊ အနာဂတ်ဖက်ဒရယ်အတွက်ပါ ပြင်ဆင်နေနိုင်သည်။ ဒီချုပ်ကဲ့သို့သော ပါတီမျိုး၏ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သလို အနာဂတ် တနင်္သာရီကို ဒီချုပ်အနေဖြင့်မည်သို့ပုံဖော်လိုသည်၊ ဖက်ဒရယ်စနစ်အတွက်မည်သို့တွေးထား၍ မည်သို့ပြုကြပြောင်းကြ လုပ်ဆောင်ကြမည်ဆိုသည့် တနင်္သာရီ ဒီချုပ်ခေါင်းပိုင်းကစဉ်းစားချက်ကို သိရလျှင်ပင် ဒီချုပ်၏ နိုင်ငံရေးခေါင်းဆောင်မှု အခြေအနေကို ရိပ်စားမိနိုင်သည်။ အလားတူ အခြားပါတီများကိုလည်း အထက်ပါမေးခွန်းမျိုးမေးကြည့်လျှင် စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်အတွက် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး ရပ်တည်ချက် ဦးဆောင်ချက်အချို့ကို တီးခေါက်မိနိုင်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့နှစ်ခုသာရှိသည်။ နယ်မြေစိုးမိုးမှုအရ KNU က တနင်္သာရီ၏ နေရာအတော်များများကို ထိန်းချုပ်ထားနိုင်သည်။ မွန်ပြည်နယ်နှင့် တနင်္သာရီ နယ်စပ်နားတွင်သာ မွန်ပြည်သစ် တပ်အချို့ရှိသည်။ သေချာသည်မှာ ထိုနှစ်ဖွဲ့စလုံးသည် စစ်အာဏာသိမ်းမှုကို မထောက်ခံသလို အာဏာရှင်ပပျောက်ရေးအတွက် စစ်ကောင်စီတပ်များကို စစ်ကြေညာကာ ထိုးစစ်ဆင်နေခြင်းမရှိပေ။ တနင်္သာရီရှိ KNU(ဤနေရာတွင် KNU၏ ဖွဲ့စည်းပုံအရ တနင်္သာရီတွင်ရှိသော KNU၏ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်မဟာ – ၄ နှင့် လက်အောက်ခံ KNLA, KNDO တပ်များကိုသာညွှန်းသည်။ အခြားသော ဒေသရှိ KNU များကို မဆိုလိုပေ) နှင့် မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့များသည်လည်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ထိပ်တိုက်တွေ့မှုများကို တတ်နိုင်သမျှရှောင်သည်။ ထိတွေ့မှု အနည်းငယ်ရှိခဲ့သည်။
ထိုအဖွဲ့များကား စစ်အာဏာရှင်ကို တော်လှန်လာသည်မှာဆယ်စုနှစ်များစွာရှိပေပြီ။ သူတို့သည် သူတို့၏ တိုင်းရင်းသားများအပေါ် နိုင်ငံရေးအရ ဦးဆောင်မှုပေးခြင်းအခြေအနေမည်သို့ရှိပါသနည်း။ သူတို့၏ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လမ်းစဉ်၊ ဖက်ဒရယ် အတွက် သူတို့၏ အစီအမံ၊ မျှော်မှန်းချက်များကလည်း ဆိုင်ရာ ကရင် နှင့် မွန်များသာမက တနင်္သာရီသားအားလုံးတို့အတွက် အရေးပါပါသည်။ အဘယ်ကြောင့်နည်း။
အာဏာရှင်ချုပ်ငြိမ်းရန်ကြိုးပမ်းရာတွင် အင်အားလိုသည်။ မဟာမိတ်လိုသည်။ အနာဂတ်တွင် ဖက်ဒရယ်စနစ်ပြောင်းသော် ကရင်၊ မွန် နှင့် ထားဝယ်၊ မြိတ် အစရှိသော လူမျိုးတို့ တနင်္သာရီတွင် မည်သို့ အတူအကွ စုပေါင်းနေထိုင်ကြမည်နည်း၊ တနင်္သာရီ၏ အနာဂတ်ကို မည်သို့ ပုံဖော်ကြမည်နည်း ဆိုသည်က လက်တွေ့ကျကျဖြေရမည့် ပုစ္ဆာဖြစ်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများ
အပြောင်းအလဲ၏ အန္တိမ ပဲ့ကိုင်ရှင်မှာ ပြည်သူများသာလျှင်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူ၏ အခရာကျသော အခန်းကဏ္ဍ ကို လစ်လျူရှု၍မရပါပေ။ စစ်အာဏာရှင်ကို ချုပ်ငြိမ်းစေလို၍ ဒီမိုကရေစီထွန်းကားစေလိုသော ပြည်သူများ၊ ဖက်ဒရယ်ကို အိပ်မက်မက်နေကြသူများသည် မိမိတို့၏ ပုဂ္ဂလိက တဦးချင်းစီ၏ မိမိကိုယ်ကိုယ် နိုင်ငံရေးဦးဆောင်မှုကား မည်သို့ရှိပါသနည်း။ မေးခွန်းများသည် စာဖတ်သူများသို့ မြားဦးလှည့်လာပါပြီ။ တဦးချင်းစီက အာဏာရှင်စနစ်ကို မည်သို့ ချုပ်ငြိမ်းအောင်အားထုတ်မည်၊ တော်လှန်ရေးတွင် မည်သို့ပါဝင်မည်ကို စဉ်းစားကာ သံန္နိဋ္ဌာန်ချထားပါသလား။ အစီအစဉ်များတွေးတော ရေးဆွဲထားပါသလား။
အာဏာရှင်ဆန်နေနိုင်သော မိမိတို့၏ အတွေးအခေါ် အပြုအမူဟောင်းများကို ဆန်းစစ်ကာ ပြုပြင်နေပါသလား။ အနာဂတ်တွင် တနင်္သာရီကို မည်သို့မြင်လိုပါသနည်း။ ဖက်ဒရယ် စနစ်ကို ပြောင်းကြမည်ဟုဆိုနေသော နိုင်ငံရေးအစုအဖွဲ့များ ၏ ပြောဆိုချက်များကို မည်သို့နားလည်၍ မည်သို့ မှတ်ချက်ပြုလိုပါသနည်း။ ယနေ့ ပြည်သူများ၏ အယူအမြင်များသည် အနာဂတ်ကို ပုံဖော်နိုင်မည့် အားအင်များဖြစ်နိုင်ပါသည်။
ယနေ့အချိန်သည် တနင်္သာရီ နှင့် မြန်မာ၏ သမိုင်းအကူးအပြောင်းကာလဖြစ်သည်။ ဖက်ဒရယ်ခရီးကို ချီရာတွင် အတားအဆီးဖြစ်နေသည့် စစ်အာဏာရှင်ကို ချိုးဖျက် ချေမှုန်းနေကြချိန်ဖြစ်သည်။ တနင်္သာရီ၏ အနာဂတ်ကို တနင်္သာရီနေပြည်သူများကသာ ဆုံးဖြတ် ပုံဖော်ရမည့် အချိန်လည်းဖြစ်ပါသည်။ ဖက်ဒရယ်ခရီးတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီး၍ ခရီးဆက်ရရိုးထုံးစံသာဖြစ်သည်။ တနင်္သာရီ၏ နိုင်ငံရေး အဆင့်အတန်းကို တနင်္သာရီနေပြည်သူတို့ကသာ နောက်ဆုံး သတ်မှတ်ရပေမည်။ နိုင်ငံရေးခေါင်းဆောင်မှု လေဟာနယ်ဖြစ်နေလျှင်လည်း မည်သို့ ကုစားကြမည်ကို တနင်္သာရီ၏ ပြည်သူများ၊ အစုအဖွဲ့များကပင် အဖြေရှာ လုပ်ဆောင်သင့်ကြပါပေသည်။
စံတင်