BREAKING
September 16, 2024

ကမ္ဘာတွင်သစ္စာမရှိဆုံး အမျိုးသားများအဖြစ် ထိုင်းအမျိုးသားများသတ်မှတ်ခံရ

September 4, 2024

ထိုင်းနိုင်ငံမှ အိမ်ထောင်ရှိ အမျိုးသားများသည် ကမ္ဘာပေါ်တွင် သစ္စာမရှိဆုံး အမျိုးသားများဖြစ်သည်ဟု စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့စာရင်းအင်း အချက်အလက်များတွင် ဖော်ပြလိုက်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ အိမ်ထောင်ရှိ အမျိုးသားများက ၎င်းတို့၏ အိမ်ထောင်ဖက်များအပေါ် ဖောက်ပြန်မှုရာခိုင်နှုန်းကို စာရင်းပြုစုခဲ့သော ကမ္ဘာ့စာရင်းအင်းအဖွဲ့ (World of Statistics) က ယင်းသို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ယင်းအချက်အလက်များတွင် ထိုင်းအမျိုးသား ၅၆ ရာခိုင်နှုန်းက ၎င်းတို့၏ အိမ်ထောင်ဖက်များအပေါ် ဖောက်ပြန်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ထိုင်းအမျိုးသားများ၏ နောက်တွင် ၄၆ ရာခိုင်နှုန်းဖြင့် ဒိန်းမတ်နိုင်ငံက ဒုတိယ၊ ၄၅ ရာခိုင်နှုန်းဖြင့် အီတလီနိုင်ငံက တတိယ အသီးသီးရှိနေကြကြောင်း ထုတ်ပြန်ထားသည်။

ယင်းအချက်အလက်များမှာ ယေဘုယျအားဖြင့် ကောက်ခံထားသော အချက်အလက်များဖြစ်ပြီး နည်းပညာနှင့် အရင်းအမြစ်များပေါ်မူတည်၍ ကွဲပြားနိုင်သေးကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

အချက်အလက်များကို လိင်ပိုင်းဆိုင်ရာ အပြုအမူများနှင့် ဖောက်ပြန်မှုများအပေါ်လေ့လာထားသော ပညာရေးဂျာနယ်များ၊ Surveys ကဲ့သို့ လေ့လာတွေ့ရှိချက်များ၊ ထုတ်ပြန်ချက်အစီအရင်ခံစာများနှင့် လူမှုရေးဆောင်းပါးများအပေါ် အခြေခံထားကြောင်း ဖော်ပြထားသည်။

သို့သော်လည်း လူဦးရေ မည်မျှကောက်ခံထားသည်ကိုမူ တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။

ကွာရှင်းမှုများကို လေ့လာကြည့်ပါက ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိမှာ ပြင်ပအချစ်ရေးများကြောင့် ဖြစ်နေကြောင်း အမေရိကန်စိတ်ပညာအဖွဲ့၏ သုတေသနစာစောင်က ဖော်ပြထားသည်။

အိမ်ထောင်ရေးအဆင်မပြေမှုများက ပြင်ပအချစ်ရေးများကို ဖြစ်ပေါ်စေခဲ့ပြီး ယင်းမှတစ်ဆင့် ကွာရှင်းမှုများကို တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။

အိမ်ထောင်ရေးပြဿနာများကို မဖြေရှင်းကြပါက အိမ်ထောင်ဘက်များသည် မပျော်မရွှင်ဖြစ်လာကြပြီး ပြင်ပအချစ်ရေးများတွင် ပျော်မွေ့လာကြကြောင်း ဖော်ပြထားသည်။

အမေရိကန်စိတ်ပညာအဖွဲ့၏ သုတေသနစာစောင်အရ အမျိုးသားများသည် အမျိုးသမီးများထက် ကွာရှင်းပြတ်စဲမှု နည်းပါးကြောင်းဖော်ပြထားသည်။

သုတေသနစာတမ်းအရ ၆၁ ရာခိုင်နှုန်းခန့်သော အမျိုးသားများသည် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကြပြီး ၎င်းတို့အနက် ၃၄ ရာခိုင်နှုန်းကသာ ကွာရှင်းပြတ်စဲကြကြောင်း ဖော်ပြထားသည်။

စာတမ်းတွင် ၄၄ ရာခိုင်နှုန်းခန့်သော အမျိုးသမီးများက အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြသော်လည်း ၎င်းတို့အနက် ၄၇ ရာခိုင်နှုန်းခန့်က ကွာရှင်းပြတ်စဲခဲ့ကြကြောင်း ဖော်ပြထားသည်။

Ref: The Nation Thailand