BREAKING
September 16, 2024

ခမောက်ကြီးတွင် စစ်ကောင်စီတပ် ကုန်းကြောင်း၊ ရေကြောင်းသုံးပြီး စစ်ကြောင်းထိုး

September 4, 2024

ပုံစာ - လှေဖြင့် စစ်ရှောင်နေရသည့် ခမောက်ကြီးဒေသခံများ။ ဓာတ်ပုံ - ပေးပို့

ခမောက်ကြီးမြို့တွင် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်ကစ၍ ကုန်းကြောင်းအပြင် ရေကြောင်းတို့ အသုံးပြုပြီး စစ်ကြောင်းထိုး ရှာဖွေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

မလိဝမ်းချောင်းဝတွင် ဩဂုတ်လ ၂၄ ရက်က ရေတပ်သင်္ဘော ကျောက်ချရပ်နား၍ စစ်ကောင်စီတပ်သားများ ကုန်းပေါ်တက်ကာ စတင် စစ်ကြောင်းထိုးကြောင်း ဒေသခံတို့က ပြောသည်။

ကျောက်ချရပ်နား၍ သုံးရက်ကြာပြီးနောက် သင်္ဘောပြန်လည်ထွက်ခွာသွားပြီး စစ်ကောင်စီတပ်သားများမှာ လိုက်ပါသွားခြင်းမရှိဘဲ ကုန်းပေါ်တွင် စစ်ကြောင်း ဆက်လက်ထိုးနေခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

သင်္ဘောထွက်သွားပြီးနောက်တွင် လှေငယ်သုံးစင်း ၊ ပဲ့ချိတ်လှေခြောက်စင်းတို့ဖြင့် စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိ လာပြီး ခမောက်ငယ်ရွာပတ်ဝန်းကျင် ကျေးရွာများတွင် ယနေ့ စက်တက်ဘာလ ၄ ရက် အထိ ကုန်းပေါ် အပြင် ရေကြောင်း အသုံးပြုကာလည်း စစ်ကြောင်းထိုးရှာဖွေ‌နေကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းသို့ စစ်ကြောင်းထိုးနေမှုကြောင့် ခမောက်ငယ်၊ ချောင်းဝ ၊ ဆယ်အိမ်စု စသည့်ရွာများမှ ရွာသားများနှင့် ဥယျာဉ်ခြံ လုပ်သားများမှာစက်တင်ဘာလ ၁ ရက်ကစ၍ ထိုင်းနိုင်ငံဘက်သို့ လှေဖြင့် ထွက်ပြေးနေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများက ပြောဆိုသည်။

“ထွက်ပြေးလာပြီး လှေပေါ်မှာနေနေရတာ ၄ ရက်ရှိပြီ။ နေရထိုင်ရခက်တယ်။ ကိုယ့်နိုင်ငံလည်း မဟုတ်ဘူးလေ။ ဘယ်အချိန် ဘယ်လိုလာဖမ်းမယ် မသိဘူး။ အခုကတော့ ဟိုဘက်ကမ်း (ခမောက်ကြီး) မှာ စစ်ကြောင်းထိုးသွားလာနေတာ အားလုံး မြင်နေရတယ်။ (အိမ်ကို) ပြန်လို့ မရသေးဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လှေအစုလိုက်ဖြင့် နီးစပ်ရာတိမ်းရှောင်နေရခြင်းဖြစ်ပြီး Dawei Watch က ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည့် လှေအုပ်စုတွင်ပင် စစ်ဘေးရှောင်ဦးရေ ငါးဆယ်ဝန်းကျင်ခန့် ရှိနေသည်။

ဩဂုတ်လ ၂၉ ရက်တွင် စစ်ကောင်စီစစ်ကြောင်းသည် ချောင်းဝရွာအနီး မီးသွေးလုပ်ငန်းပြုလုပ်သည့်နေရာတစ်ခုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အလုပ်သမား ငါး ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအလုပ်သမား ငါးဦး ပြန်လည် မလွတ်မြောက်လာသေးသလို နောက်ထပ်ဒေသခံနှစ်ဦးလည်း ထပ်မံ ဖမ်းဆီးခံရပြီး စုစုပေါင်း ခုနစ် ဦးကို ကော့သောင်းမြို့ရှိ ဗျူဟာအခြေချတပ်တွင် ဖမ်းဆီးစစ်နေကြောင်း ဖမ်းဆီးခံရသူတို့နှင့် နီးစပ်ဒေသခံများထံမှ သိရသည်။

“အဖမ်းခံထားရတာ အားလုံးပေါင်း ၇ယောက်ပါ။ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဘတ်ငွေ တစ်သိန်းကျော်လောက်လည်း ယူသွား ကြတယ်။ အချို့လှေတွေစက်တွေကိုတော့ ရိုက်ချိုးဖျက်စီးလိုက်တာလည်းရှိတယ်” ဟု မြေပြင်အခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းစဝင်လာသည့် ရက်ကစ၍ ယနေ့အထိ ခမောက်ကြီးမြို့ဘက်တွင် ထိတွေ့တိုက်ပွဲမရှိသေးကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သို့သော် ဩဂုတ်လ ၃၀ ရက်တွင် ကော့သောင်းမြို့နယ် အေးမြသာယာရွာ စာသင်ကျောင်းအနီး၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ဗိုလ်ချုပ်မြ အထူးတပ်ရင်း တပ်ခွဲ ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ခမောက်ကြီးမြို့ပေါ်တွင်လည်း မြို့အဝင်အထွက်ကို တင်းကျပ်စစ်ဆေးနေကြောင်း မြို့ခံများထံမှ သိရသည်။