BREAKING
September 16, 2024

ပေါင်တွင် လူငယ်လေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

September 4, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် လူငယ်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က လူငယ် ၁၀ ဦးခန့်သည် သဗြုချောင်ကျေးရွာဈေးတွင် ဝိုင်းဖွဲ့စားသောက် နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။

ယင်းသို့ရောက်ရှိလာချိန်တွင် လူငယ်အချို့က ထွက်ပြေးသည်ကို စစ်ကောင်စီတပ်ဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၉ အရွယ် ကိုစူပါထောဆိုသည့် လူငယ်၏ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည့် ကိုစူပါထောနှင့် ထွက်မပြေးဘဲ ကျန်ခဲ့သည့် အသက် ၃၀ နှစ်ရှိ ကိုအောင်မင်းထွန်း၊ အသက် ၁၆ နှစ်ရှိ မောင်ကျော်ထက်ဦး၊ အသက် ၁၈ နှစ်ရှိ ကိုချမ်းမွန်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“လူငယ်တွေက ဝိုင်းဖွဲ့စားသောက်နေတဲ့အချိန်မှာ စစ်တပ်၊ ရဲတွေရောက်လာတော့ အချို့က ထွက်ပြေးတာပေါ့။ အဲဒီမှာ သေနတ်နဲ့ပစ်တာ တစ်ဦးထိသွားတယ်။ ကျန်တာက လွတ်သွားတယ်။ သူတို့က သဗြုချောင်းကပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် သဗြုချောင်ကျေးရွာ‌စျေးတန်းတွင် ဝင်ဖမ်းခဲ့သည့် လူငယ်များသည် PDF များဖြစ်ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံးတစ်လုံးနှင့် WY တံဆိပ်ပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း ရေးသားထားသည်။

သို့သော်လည်း ဒေသခံတို့ကမူ ဖမ်းဆီးခံရသည့်လူငယ်များသည် သဗြူချောင်းကျေးရွာခံ လူငယ်များဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များမဟုတ်ဘဲ သာမာန်အရပ်သားများသာ ဖြစ်ကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီကမူ ဖမ်းဆီးရမိသည့် လူငယ် လေးဦးကို ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပေါင်မြို့နယ်တွင်သာမက သထုံခရိုင်အတွင်းက သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်တို့က လူငယ်များကို ဖမ်းဆီးမှုများပြုလုပ်နေသည်။

ယင်းအပြင် PDF ကို ထောက်ပံ့သည်၊ ဆက်သွယ်သတင်းပေးသည်ဆိုကာ မြို့နယ်ရဲမှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့ကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး အချို့ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော်ရှိပြီး တစ်ထောင်နီးပါးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။