BREAKING
September 16, 2024

လောင်းလုံး ဘူချိုင်းရွာသားသုံးဦးအပါအဝင် အမျိုးသားလေးဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

September 4, 2024

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်သည့် လေးရက်အတွင်း အမျိုးသား လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် အသက် ၅၀ ကျော်အရွယ် ဦးကျော်သန်းကို ကျေးရွာလမ်းမဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ဦးဖိုးအေးကို ရော်ဘာခြံထဲတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာ ၂ ရက်နေ့တွင် ဦဘရွှေကိုမူ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“သုံးယောက်စလုံးက ဘူချိုင်းရွာသားတွေ။ ဦးကျော်သန်းနဲ့ ဦးဘရွှေက ညီအစ်ကိုရင်း၊ အားလုံးက နွားကျောင်း သစ်ပင်စိုက်စားတဲ့ လူရိုးလူအေးတွေ၊အသက် ၅၀ အရွယ်ပတ်ခြာလည်တွေ ချည်းပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ဩဂုတ်လ ၃၁ ရက်နေ့တွင် စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြား မော်တုံးချောင်းအတွင်း နှိပ်စက်ဒဏ်ရာ များဖြင့် သေဆုံးနေသည့် အသက် ၃၀ကျော်အရွယ်ရှိ လူငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုရုပ်အလောင်းမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ယနေ့ စက်တင်ဘာလ ၄ ရက်အထိ အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် ဘူချိုင်းရွာနှင့် ဖွားဘုတ်ပြင်ရွာတွင် နေအိမ် ၁၀ဆောင်ထက်မနည်းကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ပန်းဇိရွာဘက်မှ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းလမ်းအတိုင်း ထွက်သွားပြီး ဖမ်းဆီးထားသည့် ဒေသခံ ၁၄ ဦးကိုမူ လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“မလွတ်လာသေးတဲ့ လူတွေလည်း ရှိတယ်လို့ပြောတယ်။ အခုလွတ်လာတဲ့သူတွေက စခန်းကြီး၊ စွန်တောင်ပေါ်၊ မဲအုံနှောက် (ရွာ) က လူတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စက်တင်ဘာလ ၄ ရက်နေ့အထိ ခမောင်းတောင်၊ ထိန်တွင်းနှင့် စခန်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ထွက်သွားသော်လည်း ဒေသခံများမှာ ယနေ့အထိ ကျေးရွာအတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှသိရသည်။