BREAKING
January 13, 2025

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီ လယ်တောင်ယာရွာသား နှစ်ဦးဒဏ်ရာရ

September 4, 2024

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးအုပ်စု၊ လယ်တောင်ယာရွာတွင် စက်တင်ဘာလ ၃ ရက်ညက စစ်ကောင်စီတပ်က ပစ်ခတ် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီတပ်က လယ်တောင်ယာရွာဘက်သို့ ည ၈နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည်တို့မှာ လယ်တောင်ယာရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် အသက် ၄ဝ ကျော် အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောဆိုသည်။

အမျိုးသမီးတွင် ဝမ်းဗိုက်တွင် ကျည်စထိမှန်၍ အူများထိခိုက်၍ စိုးရိမ်ရသည့်အခြေအနေတွင် ရှိပြီး ကလေးငယ်တွင်မူ ကျည်စရှပ်ထိ ဒဏ်ရာရကာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဒဏ်ရာရသည့် အမျိုးသမီးကို ညတွင်းချင်း တနင်္သာရီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်တွင်မူ မြိတ်ဆေးရုံသို့ ပြောင်းရွှေ့ကုသထားကြောင်း ၎င်းတို့က ဆိုသည်။

“ညက လူနာတင်ယာဉ်ကလည်း အခက်အခဲရှိတော့ သုံးဘီးနဲ့ပဲ ပို့လိုက်ရတယ်။ ည ၈ နာရီခွဲလောက်မှ ဆေးရုံရောက်တယ်။ မနက်ကျတော့ မြိတ်ကိုလွှဲလိုက်ပြီ။ ဒဏ်ရာကြောင့် အူတွေတော့ အလုပ်မလုပ်ဘဲဖြစ်နေတယ်လို့ ပြောတယ်” ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် လယ်တောင်ယာရွာသားတစ်ဦးကပြောသည်။

လယ်တောင်ယာရွာတွင် စက်တင်ဘာလ ၃ ရက်က မည်သည့်ထိတွေ့ပစ်ခတ်မှုမျှမရှိဘဲ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ရွာသားတို့က ဆိုသည်။

တနင်္သာရီမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း (၂) တာဝန်ခံ ရဲဘော်မျိုးကြီးက လယ်တောင် ယာရွာတွင် မည်သည့်ပစ်ခတ်မှုမျှ မရှိသော်လည်း ပတ်ဝန်းကျင်ရွာများဖြစ်သည့် ဘန်လောရွာနှင့် ၆ မိုင်ရွာတို့ ဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေကြောင်း ပြောသည်။

“တနင်္သာရီ – မြိတ် လမ်းမတစ်လျှောက် စစ်ကောင်စီကင်းပုန်းတွေ ချထားတာ ရှိတယ်။ ဘန်လောနဲ့ ၆ မိုင် (ရွာ) ဘက်ကို စစ်ကြောင်းထိုးရင် လက်နက်ကြီးပစ်သွားတာလည်း ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း လယ်တောင်ယာရွာဘက်သို့ လက်နက်ကြီးပစ်ခတ်လေ့ရှိပြီး အရပ်သားထိခိုက်သည့်ဖြစ်စဉ်များလည်း ရှိဖူးသည်။