BREAKING
September 19, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

August 4, 2024

[အခန်း ၁၆]

“ရဲဘော်မောင်ရိန် ခေါ် သူရိန်

မြေအောက်ထောက်လှမ်းရေးတာဝန်ခံ၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ထားဝယ်ခရိုင်)

ဖက်ဆစ်အရင်းရှင်စနစ်ဆိုးကို ခုခံတွန်းလှန်ဖြိုဖျက်နေသည့် ငါတို့၏ တော်လှန်ရေးကြီးအတွက် သင့်အသက်နှင့် ခန္ဓာကို.ပေးဆပ်ခဲ့မှုအား၊ တော်လှန်သော ပါတီ၊ တော်လှန်သော ပြည်သူ့တပ်မတော်သားများနှင့် တော်လှန်သော ပြည်သူအပေါင်းက မမေ့မလျော့ ဂုဏ်ပြုအပ်ပါသည်။

သင့်အား ငါတို့ အလေးနီပြုပါ၏ ။

ပုံ

ဗမာပြည်ကွန်မြူနစ်ပါတီ(တနင်္သာရီတိုင်း)”

ဗိုလ်ယူစိန် ၏ စာဖတ်ပြသံ အဆုံး အားလုံး တိတ်ဆိတ်နေကြ၏။

“မကြည်ကြည်ဆွေရော”

မဟို၏ အသံကခပ်တိုးတိုး။

“သူ ဒီအခမ်းအနားကို မတက်ဘူးလို့..သခင်ဗစီကို သတင်းပို့ထားပြီးသားတဲ့…မနက်အစောကြီးကတည်းက အာဏာနီ အမျိုးသမီးစခန်းကို သွားတဲ့ အဖွဲ့နဲ့ ပါသွားတယ်”

နီနီရိန်ကို ပုဆိုးတစ်ထည်ဖြင့် စလွယ်သိုင်းချီပိုးထားသော မိုးကြည်က ခပ်တိုးတိုးပင် ပြန်ဖြေသည်။

……………………………………………..

၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ။

ရှားရှားပါးပါး ထားဝယ်မှ ရောက်ရှိလာသော သတင်းစာဖြတ်ပိုင်းတစ်ခုကြောင့် စခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်သည်။

အချို့လည်း အော်ဟစ်ငိုယိုကြ၏။ အချို့ကလည်း အစိုးရ၏ ဝါဒဖြန့်သတင်းမို့ မယုံကြည်ကြရန်၊ စိတ်ဓာတ်မကျကြရန် ဆော်ဩနေကြသည်။

“ပဲခူးရိုးမတစ်နေရာတွင် သခင်သန်းထွန်း ကျဆုံးပြီဆိုသည့်သတင်း”

၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်တွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အနောက်ခြမ်း၊ ပဲခူးရိုးမအရှေ့စောင်း၊ ကျောက်ချောင်းကမ်းပါးရှိ တောင်ကြောလေးပေါ်တွင်၊ ကြုံတိတ် (ခ)လုံတိတ်(ခ) ရဲဘော်မြကြီး၏ အနီးကပ်လုပ်ကြံသတ်ဖြတ်မှုကြောင့် သခင်သန်းထွန်းကျဆုံးခဲ့ရသည်။

ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအတွင်းသာမက မြန်မာတစ်ပြည်လုံးရှိ ပါတီစစ်ဒေသများတွင်ပါ ကြီးကြီးမားမားလှုပ်ခတ်မှု ဖြစ်ပေါ်လာခဲ့၏။

သခင်ဇင်နှင့် သခင်ချစ်တို့ ဦးဆောင်သည့် ပေါ်လစ်ဗျူရိုက အခြေအနေကို အမြန်ဆုံးတည်ငြိမ်အောင် ထိန်းထားနိုင်လိုက်သည်။

သို့သော်..သခင်သန်းထွန်း မကျဆုံးမီက ချမှတ်ခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးကာလ ပါတီဝင်အချင်းချင်း ဖြုတ်ထုတ်သတ်မှု၊ သခင်သန်းထွန်းကျဆုံးမှု စသည့် အားနည်းချက်များကို အခွင့်ကောင်းအဖြစ်သဘောထားကာ စစ်တပ်က ထိုးစစ်ကြီးများကို ဆက်လက်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့သည်။

တနင်္သာရီတိုင်းအတွင်းတွင်လည်း ကွန်မြူနစ်ပါတီစခန်းများကို အပြီးတိုင်ချေမှုန်းရန်အတွက် ဒုတိယအကြိမ် “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကြီးစတင်လာခဲ့သည်။

……………………………………………..

၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့။

ထားဝယ်ခရိုင်အမျိုးသမီး အာဏာနီစခန်း။

မဟာအောက်တိုဘာတော်လှန်ရေး စတင်ရာ လဖြစ်သည်မို့ အာဏာနီစခန်းမှ အမျိုးသမီးများမှာ တက်တက်ကြွကြွရှိနေကြသည်။

စစ်တပ်၏ ဖြတ်လေးဖြတ်စတင်ပြီဖြစ်သောကြောင့် စားနပ်ရိက္ခာရှားပါးလာသော်လည်း ရှိသမျှနှင့် ခြိုးခြံမျှဝေကာ စားသုံးနေကြရ၏။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးထားသော အမျိုးသားတပ်စိတ်တစ်စိတ်သာ လုံခြုံရေးရှိပြီး ကျန်သည့် ကိစ္စအဝဝကို အာဏာနီစခန်းမှ အမျိုးသမီးများကသာ ကိုင်တွယ်ဖြေရှင်းနေကြရသည်။

အမျိုးသားအများစုမှာ လောင်းလုံးအရှေ့ခြမ်းရှိ ရှေ့တန်းစခန်းများတွင် စစ်တပ်၏ ထိုးစစ်ကို ရင်ဆိုင်နေကြရ၏။

ထိုအချိန်တွင် ထားဝယ်အခြေစိုက် ခလရ ၂၅ မှ ဒုတိယဗိုလ်မှူးကြီး လဗျတ်နောင် ဦးစီးသည့် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းသည် အာဏာနီစခန်း၏ အနီးတဝိုက်တောတွင်းသို့ ရောက်ရှိလာကြသည်။

လဗျတ်နောင်မှာ ကွန်မြူနစ်စစ်ဆင်ရေးများတွင် အတွေ့အကြုံရှိပြီး..တနင်္သာရီတိုင်း၏ ပါတီခေါင်းဆောင် ဗိုလ်မှူးကျော်တင့်ကို အသေဖမ်းမိနိုင်ခဲ့သဖြင့် တစ်ဆင့်တိုးရာထူးဖြင့် မကြာမီ တပ်ပြောင်းတော့မည်ဖြစ်၏။

မပြောင်းမီကာလအတွင်းမှာပင် ဖြတ်လေးဖြတ်စစ်ဆင်ရေးကြီး ဆင်နွှဲသွားရန် စိတ်အားသန်နေသူလည်းဖြစ်သည်။

ထို့ကြောင့် သူ၏ နာမည်ကျော်လက်‌ရွေးစင်တပ်နှင့်အတူ နောက်တန်းထောက်ပို့စခန်းတစ်ခုသာသာရှိသော အမျိုးသမီး အာဏာနီစခန်းကို ခါးလယ်မှဖြတ်တိုက်ရန် ကြံစည်ခြင်းပင်။

လဗျတ်နောင်၏ ရှေ့ပြေးတပ်များသည် ညနေစောင်း နေဝင်ရီတရောအချိန်တွင် အကာအကွယ်များ ယူကာ နွားခလောက်များ ဆွဲလျက် စခန်းနီးသို့ ကပ်လာကြ၏။

“ဂလောက် . . . ဂလောက် . . . ဂလောက်”

အနီးအနားတွင် ရွာများလည်းရှိသည့်အပြင် နွားများ မကြာခဏတောထဲလမ်းမှားလာတတ်ကြသဖြင့် စခန်း၏ ရှေ့ကာကင်းရဲဘော်များမှာ အမှတ်တမဲ့ပင်။

“ဒီနွားတွေကွာ . . . ဒီချိန်ထိ လာမသိမ်းကြဘူး . . . ငါတော့ ဟင်းစားပေါ်ပစ်ချင်နေပြီ”

“မလုပ်ပါနဲ့ကွာ . . . ရွာက လာတိုင်လို့ . . . ထိပ်တုံးနဲ့ မိနေမယ်”

“ဘယ့်နှယ့်နေနေကွာ . . . အသားဟင်းက ငတ်လာတာကြာတော့ . . .လုပ်ပစ်ချင်တာ . . . စခန်းက မိန်းမတွေ၊ ကလေးတွေလည်း မျှစ်နဲ့ အသီးအရွက်နဲ့ နှစ်ပါးသွားနေရတာ ဘယ်လောက်ကြာပြီလဲ”

“ဒုတ်”

သူတို့နှစ်ဦး၏ အချီအချစကားပင် မဆုံးလိုက်။ ရန်သူစစ်တပ်မှ ဓားဖြင့် ဝင်လုံးထိုးသည်ကို ခံလိုက်ကြရ၏။

“ဝုန်း . . . ဒက် . . . ဒက် . . . ဒက် . . . ဒက်”

“ဒိုင်း . . . ဒိုင်း . . . ဒိုင်း”

ညနေစာစားချိန်မို့ . . . စခန်းကုန်းအလယ်စားဖိုတဲနေရာတွင် စုရုန်းနေကြသော ရဲဘော်အချို့နှင့်အမျိုးသမီးထုကြီးမှာ သေနတ်သံများ၊ စက်လက်သံများကြောင့် အလန့်တကြားဖြစ်ကုန်ကြသည်။

စစ်တပ်က လေးဘက်လေးတန်မှ ဝိုင်းတက်လာကာ သေနတ်များဖြင့် ပစ်ကြ၏။

ထမင်းစားတဲသို့ လာနေသည့် ကလေးငယ်များမှာ ကျည်ဆန်အောက်တွင် အသက်ပျောက်ကြရသည်။

ရဲမေအချို့က သေနတ်များဖြင့် ပြန်လည်ခုခံကြ၏။

“ဟေ့ . . . သူပုန်မတွေ . . . ငါတို့ မင်းတို့စခန်းကို စီးမိနေပြီ . . . အားလုံးလက်နက်ချကြ”

လဗျတ်နောင်၏ အသံနက်ကြီးက သေနတ်သံများကြားမှ။

……………………………………………..

လှုပ်ရှားတပ်ဖြစ်သော လဗျတ်နောင်၏ တပ်မှာ အာဏာနီစခန်းကို ဝင်စီးပြီးသည့်နောက် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

အောက်တိုဘာ ၃ ရက်။ ညမှောင်ချေသန်းချိန်။

လရောင်ပျပျအောက်တွင် ညက မလင်းတလင်း။

မော် ၃ စခန်းမှ တပ်ရင်းတစ်ရင်းနှင့်အတူ ထားဝယ်အမျိုးသမီးသမဂ္ဂအတွင်းရေးမှူး မဟို၊ ကြည်ကြည်ဆွေတို့ က အာဏာနီစခန်းသို့ ရောက်ရှိသွားကြ၏။။

သူမကိုယ်တိုင် စစ်သင်တန်းပေးခဲ့ဖူးသည့် စခန်းကုန်းပေါ်သို့ ကြည်ကြည်ဆွေက တက်သွားရန်ပြင်လိုက်သည်။

“နေဦး . . . ကြည်ကြည် . . . ပွိုင့်တပ်စိတ်က အရင်တက်ပါစေဦး”

“ရတယ် . . . မဟို . . . ကျွန်မ သတိရှိပါတယ်”

ကြည်ကြည်ဆွေက စတင်းဂန်းကို အသင့်အနေအထား ကိုင်ကာ စခန်းကုန်းအတွင်းသို့ ဝင်သွားလိုက်၏။

ခေါင်းပွင့်။ ဗိုက်ပွင့် ကာ မြေပြင်ပေါ်တွင် သေဆုံးနေသည့် ကလေးငယ်များ၏အလောင်းများ။

ရဲဘော်အချို့မှာ ရက်ရက်စက်စက် လည်ပင်းလှီးသတ်ခံထားရသည်။

“အမျိုးသမီးတွေတော့ တစ်ယောက်မှာ မတွေ့တော့ဘူး . . . သူတို့ ဖမ်းသွားကြပြီထင်တယ်”

ပွိုင့်တပ်စိတ်မှ ရဲဘော်တစ်ဦးက လာပြောသည်။

ကြည်ကြည်ဆွေက စခန်းထမင်းစားတဲ အနောက်ဘက် သစ်ပင်ကြီးရှိရာသို အကြည့်ရောက်သွားသည်။

“မဟို”

မဟိုကလည်း ကြည်ကြည်ဆွေ ညွှန်ပြရာသို့ ကြည့်လိုက်၏။

သစ်ကိုင်းများတွင် တန်းလန်းဆွဲခံထားရသော မည်းမည်းအရိပ်များ။

“မီးတုတ် . . . မီးတုတ်ယူခဲ့ကြပါ”

ရဲဘော်များက မီးတုတ်များဖြင့် သူမတို့ဆီသို့ ပြေးလာကြသည်။

မီးရောင်အောက်တွင်။

လည်ပင်းကို ကြိုးဖြင့် တန်းလန်းဆွဲခံထားရသော အမျိုးသမီး (၅)ဦး၏ အလောင်းများ။

မထွန်းကြူ၊ မမြသင်း၊ မခင်ဝင်း၊ မတင်အေး၊ နော်ပန်းအေး။

အာဏာနီစခန်း၏ အရေးပါသော လူလတ်ပိုင်းအမျိုးသမီးခေါင်းဆောင်များ။

အချို့မှာ ထမီမပါတော့ဘဲ . . . ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေကြသည်။

“အဓမ္မပါကျင့်သွားကြပုံပဲ . . . ယုတ်မာလိုက်ကြတာ”

မဟို က ထိုနေရာတွင်ပင် ထိုင်ချကာ ချုံးပွဲချငိုလိုက်သည်။

ကြည်ကြည်ကတော့ အလောင်းများကို မျက်တောင်မခတ်တမ်းကြည့်နေ၏။

“သူတို့ ဟာ ဂုဏ်သိက္ခာရှိတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေပါ . . . သူတို့ကို ကျွန်မတို့ လေးလေးစားစား သင်္ဂြိုဟ်ပေးခဲ့ကြရအောင်”

ကြည်ကြည် ၏ စကားကို နံဘေးမှ တပ်စုမှူးရဲဘော်က ခေါင်းညိတ်ပြလိုက်သည်။

အာဏာစခန်းတိုက်ပွဲတွင် အမျိုးသမီး ၂၂ ဦး၊ ကလေး နှစ်ဦးအရှင်အဖမ်းခံခဲ့ရပြီး၊ ရဲဘော် ရှစ်ဦး၊ ကလေးငယ် ခြောက်ဦးကျဆုံးခဲ့ရသည်။

အဖမ်းခံရသည့်အမျိုသမီး ၂၂ ဦးအနက်မှ လူလတ်ပိုင်းခေါင်းဆောင်အမျိုးသမီး ငါးဦးမှာ စစ်တပ်၏ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။

ကျန်အမျိုးသမီး ၁၇ ဦးမှာ မည်သည့်သတင်းအစအနမျှ မရတော့။

……………………………………………..

ထိုနှစ်ကာလများ။

ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗဟို) သည်လည်း ထိုးစစ်များကို အလူးအလဲရင်ဆိုင်နေရချိန်၊ ထားဝယ်ခရိုင်အတွင်းတွင်လည်း စခန်းများစွာ ရွှေ့ပြောင်းရင်း ခုခံစစ်ကို ဆင်နွှဲနေကြရသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂနှင့်အတူ ထားဝယ်အမျိုးသမီးများသည်လည်း ထိုခုခံစစ်တွင် ရှေ့တန်းမှ ပါဝင်လာခဲ့ကြ၏။

၁၉၇၁ ခုနှစ် တောင်ပြောက်တိုက်နယ်၊ အလယ်စုရွာတိုက်ပွဲတွင် ထားဝယ်ခရိုင်အမျိုးသမီးတပ်မှ တပ်စိတ်မှူး ဒေါ်ကျင်သန်းကျဆုံးခဲ့သည်။

သရက်ချောင်းမြို့နယ်၊ မော် ၂ စခန်းသို့ ရိက္ခာသွားသယ်သည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်သန်းကြည်၊ ဒေါ်ဖွားကြည်၊ ဒေါ်အုံးကျင် အပါအဝင် အမျိုးသမီးငယ် လေးဦးမှာလည်း စစ်တပ်၏ ဖမ်းဆီးခြင်းခံကြရသည်။

၁၉၇၂ ခုနှစ်တွင် သခင်လူရှိန်၏ ဇနီး ထားဝယ်အမျိုးသမီးသမဂ္ဂ ဒုဥက္ကဋ္ဌ သခင်မ ဒေါ်မစိန် နှင့် ညီမဖြစ်သူ ဒေါ်မြစိန်တို့သည် မော် ၃ စခန်းမှ မော် ၂ စခန်းသို့ ကူးသန်းရာမှ အဖမ်းခံရပြန်သည်။

ကြည်ကြည် သည် တူမဖြစ်သူ မိုးကြည်၊ သမီးငယ် နီနီရိန်တို့နှင့်အတူ လောင်းလုံးမြို့နယ်ရှိ အရှေ့ဖျားစခန်းသို့ ပြောင်းရွှေ့ခိုလှုံနေရ၏။

တစ်ဖက်တွင်လည်း အမျိုးသားရဲဘော်များနှင့်အတူ ပြောက်ကျားတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။

……………………………………………..

၁၉၇၃ ခုနှစ်။

လောင်းလုံးမြို့နယ်၊ အရှေ့ဖျားစခန်း။

ကိုယ်ဝန်ရှစ်လရှိနေပြီဖြစ်သော ထားဝယ်ခရိုင်အမျိုးသမီးသမဂ္ဂအတွင်းရေးမှူး မဟို ၏ ဗိုက်ပူပူကလေးကို ခုနစ်နှစ်သမီးလေး နီနီရိန်က နားဖြင့် ကပ်နားထောင်လိုက်သည်။

“အထဲက ကလေးလေး က . . . စကားပြောတတ်လား . . . ဒေါ်ဒေါ်”

“ဘယ်ပြောတတ်ဦးမလဲ . . . နီနီရဲ့ . . . အင်း . . . သမီးကိုဆိုရင်တော့ . . . သူပြောရင်ပြောမှာပါ . . . သေချာကပ် နားထောင်ကြည့်ပါဦး”

နီနီရိန်က နောက်တစ်ကြိမ် ဗိုက်နားသို့ ကပ်နားထောင်လိုက်သည်။

“ဝုန်း”

လက်နက်ကြီးကျသံကြောင့် နီနီရိန် မှာ အလန့်တကြားဖြင့် မြေကြီးတွင် ဝပ်လိုက်၏။

အခြေအနေနှင့်အချိန်အခါကို တောထဲမှာမွေး တောထဲတွင်ကြီးသည့် နီနီရိန် တတ်မြောက်သင်ယူပြီးသား။

သူတို့စခန်းတိုက်ခိုက်ခံရလေပြီ။

“သမီး . . . နီနီ . . . နင့်အစ်မဆီသွား . . . နင့်အစ်မနဲ့ နေ”

ရိုင်ဖယ်သေနတ်ကိုဆွဲလျက် စခန်းရှေ့သို့ ပြေးသွားသော ကြည်ကြည်။

“ဒေါ်လေး . . . ထထ . . . ”

နီနီရိန်ကမူ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သော မဟို ကိုသာ သွားဆွဲထူနေသည်။

ထိုအချိန်တွင် မိုးကြည် ရောက်လာ၏။ မိုးကြည်သည် ချိုင်းထောက်ဖြင့် လျှောက်နေရသူဆိုသော်လည်း သာမန်လူတစ်ဦီးကဲ့သို့ပင် လျင်မြန်စွာလျှောက်နိုင်သည်။

“လာကြ . . . အနောက်ဘက် လျှိုထဲကို ဆင်းပြေးကြမယ် . . . နီနီ . . . မဟို . . . ဖြည်းဖြည်းထ”

သခင်ဗသိန်းတင်၏ ညီ ဗိုလ်ယူစိန် စခန်းချရာနေရာဖြစ်သည့်အတွက် တစ်ဖက်က လူအင်အား၊ လက်နက်အင်အားဖြင့် ဖိတက်လာနေသည်။

တကယ်တမ်းတွင်ကား ဗိုလ်ယူစိန် သည် တနင်္သာရီခရိုင်အတွင်းသို့ အစည်းအဝေးသွားတက်နေသဖြင့် မရှိ။

ဇနီးဖြစ်သူ ကိုယ်ဝန်နေ့စေ့လစေ့ မဟို သာ ကျန်ရစ်သည်။

ကြည်ကြည်နှင့် ရင်ပေါင်တန်းကာ ပစ်နေသော ရဲဘော်မှာ နောက်သို့ လန်ကျသွား၏။

“အင်အားများတယ် . . . ဆုတ် . . . ဆုတ် . . . မကြည်ကြည်ဆွေ . . . ခင်ဗျားသွားတော့ . . . မဟိုနဲ့ ကလေးတွေ ကို ခေါ်ပြီး ဆုတ်တော့”

စခန်းလုံခြုံရေးခေါင်းဆောင်တပ်စုမှူးက အော်ဟစ်အမိန့်ပေးလိုက်သည်။

လက်နက်ကြီးများက စခန်းတွင်းသို့ ဆက်တိုက်ကျနေဆဲ။

ကြည်ကြည်က သေနတ်ကို လွယ်လျက် အတွင်းဘက်သို့ ပြေးသွားသည်။

စခန်းတွင်း မည်သူမျှ မတွေ့ရတော့။

“နီနီ . . . သမီး . . . နီနီ”

ခက်ဇော်

အခန်း၁၇ ကိုဆက်လက်ဖတ်ရှုရန် >>>