BREAKING
November 26, 2024

လောင်းလုံးတွင် အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးဖြင့်ရိုက်

August 4, 2024

လောင်းလုံးမြို့နယ် ငါးရွာအုပ်စု သဘော့ဆိပ်ရွာတွင် အသက် ၅၉နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ရိုက်ခံရသူမှာ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်စန်းကြူဖြစ်ပြီး သဘော့ဆိပ်ရွာ နေအိမ်သို့ ပြန်ရောက်နေစဉ် ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ဇုံ (၁) က တပ်ဖွဲ့ဝင်သုံးဦး ဆိုင်ကယ်ဖြင့်ရောက်ရှိ လာပြီး ရိုက်နှက်ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။

“ခင်ဗျားတို့ကို ဘယ်သူလာခိုင်းလဲဆိုပြီး တပည့်နှစ်ယောက်ကို တုတ်ရှာခိုင်းပြီး ရိုက်တယ်။ ကျွန်မတို့အိမ်မှာ လှေလုပ် တာဆိုတော့ အလံတိုင် ဝါးတွေရှိတယ်၊ အဲဒီဝါးလုံးနဲ့ရိုက်တာ။ ဒီအတွက် တရားမျှတမှု မရှိဘူးလို့ ကျွန်မခံစားရတယ်။ အဲဒီအတွက်လည်း တရားမျှတမှု ပြန်လိုချင်တယ်” ဟု ၎င်းက ဆိုသည်။

အရိုက်ခံရသည့်အမျိုးသမီးနှင့် ၎င်း၏ ခင်ပွန်းတို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး သဘော့ဆိပ်ကျေးရွာမှ နှင်ထုတ်ခံထားရသူများဟုဆိုသည်။

“ဘာကြောင့် နှင်ထုတ်လဲလို့ ကျွန်မ အမေက မေးတာတောင် ပြောခွင့်မရှိဘူးလို့ ပြောတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရိုက်နှက်ခံရသည့်ကိစ္စ၊ ရွာမှ နှင်ထုတ်သည့်ကိစ္စတို့နှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဇုံ (၁) တာဝန်ရှိသူထံ Dawei Watch က ဇူလိုင်လ ၃၁ရက်နှင့် ဩဂုတ်လ ၁ရက်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အစည်းအဝေး တက်ရောက်သောကြောင့် ပြန်လည်ဆက်သွယ်ပေးမည်ဟု ဖြေကြားခဲ့ပြီး ပြန်လည်ဆက်သွယ်ခြင်း မရှိပေ။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူထံလည်း Dawei Watch က ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့သေးသည်။

“အဲဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှမသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

ဝါးလုံးဖြင့် ရိုက်နှက်ခံရသည့် ဒဏ်ရာကြောင့် ဒေါ်စန်းကြူ၏ တင်ပါးတွင် ညိုမဲစွဲဒဏ်ရရှိထားသည်ကို Dawei Watch က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းအရ သိရသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်အချို့နှင့် ဒေသခံအချို့ကမူ ရိုက်နှက်ခံရသည့်ဖြစ်စဉ်မှာ မှန်ကန်မှု ရှိပြီး ရိုက်ခံရသူ၏ခင်ပွန်းမှာ ယခင်ကငါးရွာအုပ်စု ပျူစောထီးခေါင်းဆောင်းဆောင်နှင့် နီးစပ်သူဖြစ်ကြောင်း ပြောဆိုသည်။

သို့သော် ရိုက်နှက်ခံရသူ၏ သမီးဖြစ်သူကမူ ၎င်း၏ ဖခင်ဖြစ်သူမှာ နိုင်ငံရေးလုပ်သူ မဟုတ်သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲကာလာတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းနှင့် သူငယ်ချင်းဖြစ်သောကြောင့် ရွေးကောက်ပွဲနေ့တွင် အတူထိုင်ခဲ့ဖူးကြောင်း ပြောသည်။