BREAKING
November 26, 2024

လောင်းလုံးတွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ဟုဆို

August 4, 2024

လောင်းလုံးမြို့ထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ဩဂုတ်လ ၂ ရက် ညသန်းခေါင်းကျော်အချိန်တွင် တစ်ကြိမ်၊ မနက် ၄ နာရီထိုးခန့်တွင် တစ်ကြိမ် ပစ်ခတ်ပေါက်ကွဲသံများကြားရကြောင်း ‌မြို့ခံတို့ကဆိုသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး( စရဖ)၊ မြို့နယ်ပညာရေးမှူးရုံးအနီး စသည့်နေရာများတွင် တပ်စွဲထားကြသည်ဟုဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့အသစ်တစ်ခု ပြောင်းရွေ့လာကြောင်း မြို့ခံအချို့က ပြောဆိုသည်။

“အသစ်ပြောင်းလာတဲ့အဖွဲ့နဲ့ ဒီမှာရှိတဲ့အဖွဲ့က အချင်းချင်းမတည့်ကြဘူးလို့ ပြောနေကြတယ်။ အဲဒါကြောင့်ပဲ ပစ်ခတ်မှုဖြစ်ကြတာလား မပြောတတ်ဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးကဆိုသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသဖြင့် ကျန်မာရေးဝန်ထမ်းတစ်ဦးကို အခင်းဖြစ်သည့်ညက ညတွင်းချင်းလာရောက် ခေါ်ဆောင်သွားခဲ့ကြောင်းလည်း မြို့ခံတို့က ပြောဆိုသည်။

“သုံးယောက်သေတယ် ပြောသံကြားတယ်။ ရဲမဟုတ်ဘူး။ စစ်သား သုံးယောက်သေတယ်လို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကမူ ၎င်းတို့၏ စုံစမ်းချက်အရ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း ပြောဆိုသည်။

ပစ်ခတ်မှုမဖြစ်ခင် ဩဂုတ် ၂ ရက် မနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် လောင်းလုံးမြို့ ညောင်ပင်ကြီးလမ်းဆုံတွင် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆေးဆိုင်တစ်ဆိုင်နှင့် နေအိမ်တစ်ဆောင်ကို မွှေနှောက်ရှာဖွေပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း မြို့ခံတို့က ပြောဆိုသည်။

ယင်းပစ္စည်းများကို ဝေစုခွဲရာတွင် အချင်းများပြီး ပစ်ခတ်မှုဖြစ်သည်ဟုလည်း မြို့ခံတို့က ပြောဆိုကြသည်။

ယင်းပြောဆိုချက်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် အခြားသတင်းရင်းမြစ်များကို အတည်ပြုနိုင်ခြင်းမရှိသဖြင့် အသေးစိတ်အခြေအနေကို မသိရပေ။