ရှားပါးရေသတ္တဝါဖြစ်သောကြောင့် မဖမ်းဆီးရန် တားမြစ်ထားသည့် Mandaray ခေါ် ငါးလိပ်စွန်များမှာ မကြာခဏ ဖမ်းဆီးခြင်းခံနေရကြောင်း ကိုယ်တိုင်မြင်တွေ့ရသူများထံမှ သိရသည်။
ယင်းငါးလိပ်စွန်များကို မြိတ်မြို့ရှိ ကမ်းနီးတံငါသည်တချို့က ဖမ်းဆီးပြီး မြိတ်ကမ်းနားလမ်းရှိ ပြည်တော်သာတံတား၊ ဆားတံတားနှင့် မြိတ်ခရိုင်ငါး လုပ်ငန်းဦးစီးဌာနအနီး သစ်ယာဝတံတားတို့တွင် မကြာခဏတင်ချလေ့ရှိကြောင်း မျက်မြင်များက ပြောပြသည်။
ငါးလိပ်စွန်တစ်ကောင်လျှင် အနည်းဆုံး အချိန်ပိဿာနှစ်ရာမှ အငယ်ဆုံး နှစ်ဆယ်ပိဿာခန့်ရှိပြီး တစ်ခါလာရောက် တင်ချလျှင် အနည်းဆုံးဆယ်ကောင်မှ အကောင်သုံးဆယ်ခန့် အထိ လာရောက် ရောင်းချလျက်ရှိနေသည်ဟု မြိတ်ကမ်းနားတွင် တက္ကစီမောင်းသူအချို့က ပြောပြသည်။
“ငါးလုပ်ငန်းက တင်ထားတဲ့ဆိုင်း ဘုတ်ကြီးအောက်မှာကိုပဲ အတင်အချ လုပ်နေတာ။ ငါးလိပ်စွန်တင် မဟုတ်ဘူး။ ငါးမန်းတွေပါ အကုန်တင်တယ်” ဟု တက္ကစီယာဉ်မောင်းနှင်သူ အသစ် ၅၅ နှစ်ခန့်အရွယ် မျက်မြင်အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းနေရာများ၌ နံက် ၆ နာရီမှ နံက် ၉ နာရီအကြား မကြာခဏ တင်ချလေ့ရှိသည်ဟု မြင်တွေ့ သူများက ဆိုသည်။
ယင်းငါးလိပ်စွန်များကို ဖမ်းဆီးနေမှုနှင့် ပတ်သက်ပြီး အများအပြား ဖမ်းဆီးမှုမတွေ့ရှိရကြောင်းနှင့် အခြားငါးများကိုဖမ်းဆီးရင်း မတော်တဆ တစ်ကောင်စ နှစ်ကောင်စ ဖမ်းဆီးရခြင်း မျိုးသာရှိကြောင်း မြိတ်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝက်၊ ပင်လယ်လိပ်အမျိုးမျိုး၊ ဝေလငါး၊ လင်းပိုင်၊ ငါးမန်း၊ ဧရာဝတီလင်းပိုင်၊ လင်းရှူး၊ သန္တာကျောက်ခက်၊ ရေပုတ်သင်နှင့် ရေနဂါး စသည်တို့ကို မဖမ်းဆီးရန် တားမြစ်ထားပြီး ငါးလိပ်စွန်နှင့် ပတ်သက်၍ တားမြစ်ထားခြင်းမရှိသေးကြောင်း မြိတ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။
“ဒီဟာတွေကိုတော့ ရှားပါးမျိုးစိတ် မှာထည့်သွင်းဖို့တော့ စီစဉ်ဆောင်ရွက် နေဆဲဆိုတာ ကျွန်တော်တို့ သိရှိရပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော် ငါးလိပ်စွန်များကို ရှားပါး မျိုးစိတ်အဖြစ် ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆန်နှင့် အပင်များ၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေတွင်ထည့်သွင်းထားပြီး ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဥပဒေတွင် ဒုတိယအကြိမ်ပြင်ဆင်၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် နောက်ဆုံးထုတ်ပြန်ထားကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း မိတ်ဖက်အဖွဲ့မှ ဦးတင်ကိုကိုဦးက ပြောပြသည်။
“တာဝန်ရှိသူတွေ ကိုယ်တိုင်က သတင်းအချက်အလက် သိရှိမှု နောက်ကျနေရင် လိုက်နာရမယ့် ပြည်သူတွေကို ဘယ်လိုထိန်းကျောင်းမလဲ” ဟု ၎င်းက မေးခွန်းထုတ်သည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၄ ရက်နေ့စွဲဖြင့် နောက်ဆုံးထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ၅၇၇ မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ၃၁၈ မျိုး၊ ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန် ၉၁၄ မျိုးပါဝင်ပြီး ငါးလိပ်စွန်အား လုံးဝကာကွယ်ထားသည့် စာရင်းတွင် ထည့်သွင်းထားသည်။
၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ကျခံရနိုင်သည်။
သာမန်ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ကို ဖမ်းဆီးသတ်ဖြတ်ပါက အများဆုံး ထောင်ဒဏ် ငါးနှစ်ကိုဖြစ်စေ၊ ငွေကျပ် သုံးသိန်းမှ ဆယ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရနိုင်ပြီး ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက ကျပ်ခုနစ်သောင်းမှ အများဆုံး ကျပ်နှစ်သိန်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြိတ်နှင့် မိုင် ၁၁၀ ကျော်(ကီလိုမီ တာ ၁၈၀)သာ ကွာဝေးသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင်တွင် ယင်းငါးလိပ်စွန်များကို ဖမ်းဆီးခွင့်လုံးဝမပေးဘဲ ထိုင်းအစိုးရက တားမြစ်ထားကြောင်း ပရာကျွတ်-မြိတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။
“ထိုင်းမှာကတော့ ဖမ်းဆီးခွင့်၊ ရောင်းချခွင့် လုံးဝကိုမပေးဘူး။ ပြင်းပြင်းထန်ထန်ကို အရေးယူကိုင်တွယ်ကြတယ်။ ရေလုပ်သားတွေလည်း အားလုံးလိုက်နာကြတာကို တွေ့ရတယ်” ဟု ၎င်း က ပြောသည်။
ငါးလိပ်စွန်နှင့်ပတ်သက်ပြီး မြိတ်ကမ်းနားလမ်းတွင် အတင်အချပြုလုပ်နေသည်ကို ရံဖန်ရံခါတွေ့ရတတ်ပြီး ရှားပါးနေပြီဖြစ်သည့် ယင်းမျိုးစိတ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိထိရောက်ရောက် ထိန်းသိမ်းသင့်နေပြီဟုလည်း ၎င်းက ဆိုသည်။
ငါးလိပ်စွန်များကို မဖမ်းဆီးရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက တားမြစ်ထုတ်ပြန်ထားသော်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး မြိတ်ခရိုင်ငါးဦးစီးဌာနသို့ ကိုင်တွယ်ဆောင်ရွက်ရန် တရားဝင်အမိန့်စာ မရောက်ရှိသေးကြောင်း မြိတ်မြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူက သြဂုတ်လ ၁ ရက်နေ့တွင် ထပ်မံပြောဆိုခဲ့သည်။
ကိုဆန်း