BREAKING
December 30, 2024

ထားဝယ်တွင် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းများ အလုပ်ပါး

July 4, 2024

ထားဝယ်ဒေသရှိ တံဆိပ်ရိုက်၊ ဆိုင်းဘုတ်လုပ်ငန်းများ အလုပ်နည်းပါးနေသည့်အတွက် အခက်ကြုံနေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။

အာဏာမသိမ်းမီက တံဆိပ်လာရိုက်သူအရေအတွက်မှာ တစ်လလျှင်ပျမ်းမျှ တစ်ရာခန့်ရှိရာက လက်ရှိအချိန်တွင် ၂၀ ဦး ခန့်သာ အလုပ်လာအပ်တော့ကြောင်း ထားဝယ်ဒေသရှိ တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပညာရေး၊ အားကစား၊ ဘာသာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလုပ်လာအပ်သူသာရှိကြောင်း ၎င်းက ပြောသည်။

“ပွဲလမ်းသဘင်တွေလည်း လုပ်လို့မရတဲ့ အခြေအနေဆိုတော့ အားနည်းလာတာပေါ့” ဟု အထက်ပါတံဆိပ်ရိုက်လုပ်ငန်း လုပ်နေသူက ပြောဆိုသည်။

ထားဝယ်ဒေသရှိ အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းများမှာ ဆိုင်းဘုတ်လုပ်ခြင်း၊ အလှစာလုံးရေးခြင်း စသည့်အလုပ်များနှင့် တွဲဖက်လုပ်ကိုင်လေ့ရှိသည်။

တံဆိပ်ရိုက်ဈေးနှုန်းမှာ အင်္ကျီအထည်အရေအတွက်၊ ကာလာအနေအထား၊ လက်ဝင် (အချိန်ယူရ) သည့်အခင်းအကျင်း၊ လက်ရိုက် စက်ရိုက် စသည့်အချက်များ အပေါ်မူတည်ကာ ဈေးနှုန်းကွာဟမှုရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပျမ်းမျှအားဖြင့် အင်္ကျီအရှေ့အနောက်ရိုက်ပါက တစ်ထည်လျှင် ၁၅၀၀ ကျပ်မှ ကျပ်၂၀၀၀ ဝန်းကျင် သတ်မှတ်ထားကြောင်း စျေးကွက်အတွင်းမှ သိရသည်။

အင်္ကျီတံဆိပ်ရိုက်သည့် အခြားလုပ်ငန်းရှင်တစ်ဦးကလည်း လက်ရှိတွင် ပရဟိတအသင်းကဲ့သို့ အသင်းအဖွဲ့များ၏ လှုပ်ရှား မှုများ မရှိသလောက်ဖြစ်သွားသည့်အခြေအနေကြောင့် အလုပ်လာအပ်သူ အဆမတန်နည်းပါးသွားကြောင်း ဆိုသည်။

“ဆိုင်ဝန်ထမ်းတွေရဲ့ ယူနီဖောင်းလိုမျိုး ဆင်တူအင်္ကျီတွေပဲ ရိုက်ရတော့တယ်” ဟု ၎င်းက ပြောသည်။

ခေတ်ကာလ အခြေအနေကြောင့် အလုပ်နည်းပါးသွားသည့်အတွက် ဆိုင်ပိတ်လိုက်ရသည့် တံဆိပ်ရိုက်လုပ်ငန်းများလည်း ရှိကြောင်း တံဆိပ်ရိုက်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

လက်ရှိ လုပ်ငန်းလည်ပတ်နေဆဲ တံဆိပ်ရိုက်လုပ်ငန်းများမှာလည်း အလုပ်ဖြစ်ရုံသာရှိပြီး အကျိုးအမြတ်နည်းပါးကြောင်း တံဆိပ်ရိုက်လုပ်ငန်းရှင်အချို့က ညည်းတွားသည်။

“လုပ်ငန်းလည်ပတ်ရုံပါ။ အခြေအနေ အချိန်အခါအရ ဝမ်းရေးအတွက် တခြားအလုပ် ဒါမှမဟုတ် ရေခြားမြေခြားသွားဖို့ အခြေနေမပေးလို့သာပေါ့” ဟု အထက်ပါ တံဆိပ်ရိုက်လုပ်ငန်းရှင်က ပြောသည်။

ထားဝယ်ဒေသတွင် အင်္ကျီတံဆိပ်ရိုက်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများကို ရန်ကုန်မှ မှာယူရပြီး လက်ရှိတွင် လမ်းခရီး၌ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ကြန့်ကြာမှုများကြုံနေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။