BREAKING
December 30, 2024

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရွာသားသုံးဦးအလောင်း ခေါင်ပြန်ချောင်းအတွင်းတွေ့

July 4, 2024

ပုံစာ - ခေါင်ပြန်ရွာ၊ ရေချောင်းတွင်မျောလာသည့် ကိုသားသား၏ ရုပ်အလောင်း။ ဓာတ်ပုံ - ပေးပို့

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာချောင်းအတွင်း၌ ယနေ့ ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းတွင် ရွာသားအလောင်း သုံးလောင်းထပ်မံတွေ့ရှိကြောင်း ရွာသားများက ပြောသည်။

ပြန်တွေ့သည့်ရုပ်အလောင်းများမှာ ဇာဒီရွာ အနောက်ကုန်းရပ်ကွက်တွင်နေသူ ကိုသားသား (ခ) ကိုလိုင်းယား ၊ ခေါင်ပြန်ရွာသား ဦးကျော်စိန် နှင့် ကိုအောင်ဇော်ဝင်းတို့ဖြစ်ကြကြောင်း ၎င်းတို့၏ မိသားစုဝင်များက အတည်ပြုကြသည်။

“အလောင်းတွေက ပထမတ‌စ်လောင်းတွေ့နဲ့ နေရာအနားမှာပဲ ဆက်တွေ့တာ။ ရုပ်တွေကတော့ အတော်ပျက်နေပြီ။ အသုဘတောင် စုပေါင်းပြီးအရေးပေါ် စီစဉ်နေကြတယ်” ဟု ခေါင်ပြန်ရွာသားတစ်ဦးက ပြောသည်။

Dawei Watch ကတွေ့ရှိရသည့် ဓာတ်ပုံတစ်ခုတွင် ကိုသားသားသည် လက်နောက်ပြန်ကြိုးတုပ်ခံရကာ ပြတ်ရှ ဒဏ်ရာအချို့နှင့် ရေချောင်းအတွင်းမျောနေသည်ကို တွေ့ရသည်။

အလားတူ ဦးကျော်စိန်နှင့် ကိုအောင်ဇော်ဝင်း တို့၏ရုပ်အလောင်းများတွင်လည်း ဓားထိုးသွင်းပြတ်ရှဒဏ်ရာများရှိသည်ဟု မျက်မြင်တွေ့ရသည့် ဒေသခံတို့က ဆိုသည်။

ဇူလိုင်လ ၃ ရက်ကလည်း ခေါင်ပြန်ရွာသား ကိုနိုင်နိုင်၏ ရုပ်အလောင်း ‌ခေါင်ပြန်ချောင်းအတွင်းပြန်တွေ့ခဲ့သဖြင့် ယနေ့အထိ တွေ့ရှိရသည့် ရုပ်အလောင်း လေးလောင်း ရှိလာပြီဖြစ်သည်။

၎င်းတို့ လေးဦးစလုံးသည် ဇူလိုင် ၁ ရက်က စစ်ကောင်စီစစ်ကြောင်း ရေနက်ဆိပ်ကမ်းဘက်သို့သွားစဉ် ဖမ်းဆီးသွားသူ ရှစ်ဦးတွင် ပါဝင်ပြီး ကျန်လေးဦးမှာလည်း သတင်းအဆက်အသွယ်ပြတ်တောက်ကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“ခရင်းချောင်း တရုတ်ဆိုဒ်ဘက်မှာ လူပျောက်ရှာဖို့သွားကြတာ စစ်တပ်ကင်းပုန်းတွေ ကျန်နေသေးလို့ ပြန်လာရတယ်။ အခုထိ မရှာရသေးဘူး။ ကျန်တဲ့လူတွေ ရှင်မှန်း သေမှန်း မသိဖြစ်နေတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ဇာဒီရွာအတွင်းရှိ စစ်ကောင်စီစစ်ကြောင်းက မည်သည့်ထိတွေ့ပစ်ခတ်မှုမျှမရှိဘဲ ဇာဒီရွာအထွက်တံတား အနီးရှိ တဲအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

ဇွန်လ ၁၈ ရက်စ၍ ဇာဒီအုပ်စု ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရန်ပြင်ဆင်ခဲ့ပြီး ဇွန်လ ၂၃ ရက်တွင်လက်နက်ကြီး စတင်ပစ်ခတ်ကာ ဇွန် ၂၈ နှင့် ဇူလိုင် ၁ ရက်တို့တွင် စစ်ကောင်စီစစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ထိတွေ့မှုနှစ်ကြိမ်ရှိခဲ့သည်။

စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။