BREAKING
January 18, 2025

ကျိုက်မရော ပျားတောင်ဒေသခံထောင်ချီ ထပ်မံထွက်ပြေးရ

July 4, 2024

ပုံစာ - ပြီးခဲ့သည့် မတ်လက ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပျားတောင်ဒေသခံများ (ပုံဟောင်း) ဓာတ်ပုံ - ဒေသခံ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာနေသည့် အပြင် လက်နက်ကြီးများဖြင့်လည်း နေ့တိုင်းနီးပါး ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပျားတောင်ဒေသသို့ ဇူလိုင်လဆန်းပိုင်းကစကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း ပျားတောင်ဒေသတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ပျားတောင်ဒေသမှာ စစ်တပ်တွေ ဝင်လာနေတာရှိတယ်။ အရေအတွက်တော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ စစ်ကြောင်းတွေ ဝင်လာနေတာတော့ ဟုတ်တယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတောကလည်း နေ့တိုင်းရှိနေတော့ ရှောင်ကုန်ကြတာ။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြလို့လေ” ဟု ပျားတောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် ပျားတောင်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော၊ မယ်ဂရို၊ ကတုံစိ ကော့ဝမ်းအစရှိသည့် ကျေးရွာ ခုနစ် ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပျားတောင်ဒေသတွင်း စစ်ကောင်စီ လေယာဉ်လည်း ပျံဝဲနေသောကြောင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်ကြောင်း ဒေသခံတို့က ဆိုသည်။

“လက်နက်ကြီးကျလို့ အိမ်တွေ ပျက်စီးသွားတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ လေယာဉ်ကလည်း ဝဲနေတော့ ပိုပြီး မနေရဲတာ။ ရွာမှာ ဘယ်ချိန် ကိုယ့်အိမ်ပေါ် ဗုံးကြဲချလာမလဲ၊ ဘယ်ချိန်လက်နက်ကြီးကျလာမလဲ၊ အဲဒါပဲ တွေးနေရတော့ အဆင်မပြေတော့ဘူးလေ” ဟု ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။

ဂျိုင်းမြစ်ဒေသ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်

မတ်လ ၂၄ ရက်နေ့ကစပြီး ကော့ဘိန်းနှင့် ဆက်စပ်သည့် ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုစဉ်ကလည်း ပျားတောင်ဒေသထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် ပျားတောင်ဒေသခံ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။