BREAKING
December 30, 2024

သရက်ချောင်းတွင် Non CDM ဆရာမငါးဦးကို ပကဖအဖွဲ့တစ်ခုက ဖမ်းဆီး

July 4, 2024

သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာအုပ်စု ဆိတ်ချောင်းရွာတွင် ပညာသင်ကြားပေးနေသည့် Non CDM ဆရာမ ငါးဦးကို ဂဠုန်မင်းပြောက်ကျားတပ်က ဇွန်လ ၂၆ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများနှင့် အဆိုပါတပ်တို့၏ ပြောဆိုချက်တို့အရ သိရသည်။

ဆိတ်ချောင်းရွာ မူလွန်ကျောင်းတွင် စာသင်နေခြင်းမဟုတ်ဘဲ နေအိမ်တွင် ကျူရှင်ပုံစံ၊ စာသင်ဝိုင်းပုံစံဖြင့် စာသင်နေသည့် အဆိုပါဆရာမငါးဦးကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“အခုထိ ပြန်မလွတ်လာသေးဘူးလို့ကြားတယ်။ ဆရာမတစ်ယောက်က ဗိုက် ၇ လနဲ့ ဘယ်ကိုဖမ်းသွားလဲဆိုတာလည်း မသိရဘူး။ ကျွန်တော်တို့ ရွာတွေဘက်မှာ စာလည်းမသင်ရ၊ ကျောင်းလည်းမဖွင့်ရတော့ စာမတတ်ပေမတတ် ကလေးတွေ များလာပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဆရာမ ငါးဦးကို ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဂဠုန်မင်းပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုတုတ်ကြီးကလည်း Non CDM ဆရာမ ငါးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

“ထိန်းသိမ်းရတဲ့အကြောင်းရင်းက သူတို့က CDM မဝင်ဘူး၊ Non CDM ပေါ့။ သတိပေးထားတဲ့ကြားထဲက စကစနဲ့ ပူးပေါင်း ပြီးတော့ သူတို့က စာခိုးသင်နေတယ်။ အဲဒါကြောင့် ထိန်းသိမ်းထားတာလောက်ပဲ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထားသည့် ဆရာမများကို ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်နိုင်ဖွယ်ရှိကြောင်း ကိုတုတ်ကြီးက ဆိုသည်။

“အဖွဲ့ရဲ့မူဝါဒတွေကတော့ ကျွန်တော်တို့နေရာမှာ ကိုယ်ထူကိုယ်ထကျောင်းတွေ နေရာတိုင်းလိုလိုမှာ ဖွင့်ခိုင်းနေတယ်။ တချို့ဖွင့်နေတဲ့ နေရာတွေလည်းရှိတယ်။ စကစနဲ့ ပက်သက်ပြီးတော့ လုံးဝ သင်ကြားခွင့် မရှိဘူးဆိုတာတော့ ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အထက်ပါဖမ်းဆီးသည့်ကိစ္စကို တိုင်းပကဖနှင့် ခရိုင်ပကဖတာဝန်ရှိသူ နှစ်ဦးစလုံးအနေဖြင့် မသိသေးကြောင်း ယင်းကိစ္စကို မေးမြန်းထားဆဲဖြစ်ကြောင်း Dawei Watch ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

Non CDM ဝန်ထမ်းများသည် စစ်ရေးပစ်မှတ် မဟုတ်သော်လည်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်စေသည့် ထောက်တိုင်များဖြစ်သည်ဟု သတ်မှတ်ထားသဖြင့် ထိုက်သင့်သည့်အရေးယူမှုဆောင်ရွက်မှုများကို လုပ်၍ရကြောင်း တိုင်း ပကဖတာဝန်ခံ ကိုစတားက ပြောသည်။

“အရေးယူဆောင်ရွက်တဲ့နေရာမှာ သူတို့ကို သတိပေးတဲ့ဟာတွေ နောက်ဆက်မလုပ်ဖို့ တားမြစ်တဲ့ဟာတွေ ဆောင်ရွက်လို့ ရတယ်။ တချို့သောမြို့နယ်တွေမှာဆိုရင် သက်ဆိုင်တဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ ဥပဒေမူဘောင် နဲ့ အရေးယူဆောင်ရွက်တဲ့အပိုင်းတွေလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ ကာကွယ်ရေးအပိုင်းကတော့ သူတို့ကို သတိပေးတဲ့ ဟာတွေပဲ အဓိကလုပ်တယ်ပေါ့နော်။ ဖမ်းဆီးတယ်ဆိုတာလည်း သတိပေးပြီးတော့ ပြန်လွှတ်ရင်လည်း လွှတ်မှာပေါ့။ ဒါမှမဟုတ် သက်ဆိုင်တဲ့ မြို့နယ်ပအဖအနေနဲ့ တရားစွဲဆိုဖို့အဆင့်ထိ သူတို့မှာအစီစဉ်ရှိတယ်။ ဒီအတိုင်းပဲ ကျင့်သုံးရမယ် ဆိုရင်လည်း သက်ဆိုင်ရာမြို့နယ် ပအဖကို ကျွန်တော်တို့ အပ်နှံပေးတာဖြစ်ပါတယ်ဗျ” ဟု ၎င်းက ပြောဆိုသည်။

တိုင်းအတွင်း မြို့နယ်များတွင် ကိုယ်ထူကိုယ်ထဖွင့်နေသည့် မြေပြင်ကျောင်းများရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး ပညာသင်ကြားနေသည့်ကျောင်းများလည်း ရှိသည်။ စစ်ကောင်စီ ပညာရေး ဝန်ကြီးဌာနလက်အောက်က ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများလည်း ရှိသည်။

ယင်းသို့ ကျောင်းများကို လက်လှမ်းမမီသူများလည်းရှိကြောင်း ကညင်ချောင်းရွာအုပ်စုက အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

“ဆရာမကလေးတွေတောင် ကျောင်းမနေရတာတွေ အများကြီးရှိတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေလောက်ပဲ မြို့ပေါ် မှာ ကျောင်းသွားထားနိုင်တယ်။ ကျောင်းမနေရတဲ့ကလေးတွေက စာမတတ်ပေမတတ်တွေဖြစ်လာပြီး အရက်သောက်၊ ဆေးလိပ်သောက်၊ မူးယစ်ဆေးသုံး၊ တချို့လည်း အိမ်ထောင်တွေ စောစောကျကုန်တယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကတွဲရွာက Non CDM ဆရာမအချို့ကို ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့က စာသင်ကြားခြင်း မလုပ်ရန် ဖိအားပေး ခံဝန်ထိုးခိုင်းခဲ့သေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းအနက် ဆရာမတစ်ဦးမှာမူ ခံဝန်လာထိုးဖို့ နောက်ကျသည်ဟုဆိုကာ ၇ လကျော်ကြာသည်အထိ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခံဝန်ကတိထိုးပြီးပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါ ဒေသခံအမျိုးသားနှင့် ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတို့၏ ပြောကြားချက်များအရ သိရသည်။

စစ်ကောင်စီ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများတွင် စာသင်ကြားသည့် ဆရာ၊ ဆရာမများကို တော်လှန်ရေးအဖွဲ့များက ဖိအားပေး အရေးယူမှုများရှိသလို NUG ကျောင်းများတွင် သင်ကြားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကိုလည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လေ့ရှိသည်။