BREAKING
January 18, 2025

မလေးရှားသွားမည့် မြန်မာများ ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

July 4, 2024

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မြန်မာနိုင်ငံသား ၁၃ဦး ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ယနေ့ ဇူလိုင်လ ၄ရက် နံနက်ပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်း-မလေးရှာနယ်စပ်ဖြစ်သော စွန်ခရာခရိုင်ရှိ အာရှလမ်းမကြီးတွင် ထိုင်းအာဏာပိုင်များက ခရီးသည်တင် ဗန်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။

ကားပေါ်တွင် ကလေးငယ် နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား အမျိုးသားကိုးဦးနှင့် အမျိုးသမီးလေးဦး လိုက်ပါလာကြပြီး ထိုင်းကားသမားကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ကန်ချနဘူရီနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားကြောင်း ဝန်ခံထားသည်။

ခရီးစဉ်အတွက် ဘတ် လေးသောင်း (ကျပ် ၄၅ သိန်း) ကုန်ကျမည်ဖြစ်ပြီး ဘတ်နှစ်သောင်းကို ပွဲစားများထံ ပေးချေထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ကားသမားကလည်း မြန်မာနိုင်ငံသားတစ်ဦးလျှင် ဘတ် တစ်သောင်း နှုန်းဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။

ဖမ်းဆီးရမိခဲ့သော ကားသမားနှင့် မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆောင်ရွက်နိုင်ရန်အတွက် ရတ်တဖွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂ ရက်ကလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီးနောက် အလုပ်မရသည်မှာ ကြာနေပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန် ကြိုးစားကြသော မြန်မာနိုင်ငံသား ၁၃ ဦး လမ်းတွင် ဖမ်းဆီးခံရသေးသည်။

Ref: ตัวพ่อสงขลา, MGR Online, Matichon Online