မြေမြှုပ်မိုင်းကြောင့် လူတွေဘယ်လောက် ထိခိုက်နစ်နာ (သေဆုံး/ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး) ခံရတယ်ဆိုတဲ့ နိုင်ငံတွေစာရင်းကို ကြည့်နေမိတယ်။ တရုတ် သုည၊ ဂျပန် သုည၊ အင်ဒိုနီးရှား သုည။ ဒါက တစ်နှစ်တာအတွင်းဖြစ်ခဲ့တဲ့ ပမာဏပါ။
အိန္ဒိယလို အီရန်လို၊ ကူဝိတ်လို နိုင်ငံတွေကတော့ ၁၀၀ အောက်မှာ ရှိကြတယ်။
မြန်မာ။ ကျနော်တို့မြန်မာကတော့ ၅၀၀ နဲ့အထက်ဆိုပြီး တွေ့ရပါတယ်။ မြန်မာနဲ့ အဖော်တွေကတော့ သုံးနိုင်ငံရှိပါတယ်။ ယီမင်၊ ဆီးရီးယား၊ ယူကရိန်းတို့ပါပဲ။
အရှေ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့ ယီမင်ရော၊ ဆီးရီးယားရောဟာ ပြည်တွင်းစစ်ပြင်းပြင်းထန်ဖြစ်နေတာ ၁၀ စုနှစ်တစ်ခုစာ ရှိပြီဖြစ်ပြီး ယူကရိန်းကတော့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေရတာ နှစ်နှစ်ကျော်ခဲ့ပါပြီ။
မြေကြီးဟာ လူနဲ့ တခြားတိရစ္ဆာန်တွေအတွက် မူလဘူတ အားကိုးအားထားပြုရာဖြစ်ပေမဲ့ မြေကြီးပေါ်ကို ခြေမချရဲ၊ မလှမ်းရဲရမယ့်အဖြစ်တွေက ရှိလို့နေပြန်ပါတယ်။
မြန်မာပြည်မှာ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်တွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်မှုတွေ ရှိနေခဲ့တာ နှစ် ၇၀ ကျော်ခဲ့ပါပြီ။ အခုတစ်ခါ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ လက်နက်ကိုင်အုပ်စုတွေ အများအပြား အသစ်ပေါ်ထွက်ခဲ့ပြီး စစ်နယ်မြေတွေ ပိုကျယ်လာခဲ့သလို စစ်ပွဲကြီးတွေလည်း ပိုပြင်းထန်လာခဲ့ပါပြီ။
မြေမြှုပ်မိုင်းလို့ ပြောလိုက်ရင် ချစ်သူနဲ့အတူ ဈေးကိုအသွား၊ အမျိုးသမီးတွေ တောထဲက ပဲကောက်အပြန်၊ ကလေးတွေ စာသင်ကျောင်းကအပြန် လယ်ကွင်းထဲမှာ ကစားနေတုန်း စတဲ့ အချိန်တွေမှာ “ဝုန်း”ခနဲ ပေါက်ကွဲသံနဲ့အတူ အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေကို နုတ်ယူသွားတဲ့ မြင်ကွင်းတွေကို ပြေးမြင်မိပါတယ်။ တချိန်တည်းမှာပဲ ချိုင်းထောက်တွေ၊ ခြေတု၊ လက်တုတွေကလည်း အာရုံထဲကို ဝင်လာပါတော့တယ်။
တလောတုန်းက ကရင်နီတော်လှန်ရေးခေါင်းဆောင်တစ်ယောက်ပြောတာကို ကြားခဲ့ရပါတယ်။ စစ်ကောင်စီဟာ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို တော်လှန်ရေးတပ်တွေ မချဉ်းကပ်စေနိုင်ဖို့ မြို့ပတ်ပတ်လည်လည်မှာ မိုင်းတွေထောင်ခဲ့တယ်။ မိုင်းတွေဟာ ဘယ်လောက်တောင်များလဲဆိုတော့ စစ်ကားခြောက်စီးစာရှိတယ်တဲ့။
စစ်ကားခြောက်စီးစာဟာ ဘယ်လောက်များမလဲဆိုတာကို ကျနော့်ဘာသာ မျက်လုံးထဲမှာ ပုံဖော်ကြည့်တဲ့အခါ တော်တော်ကို ထိတ်လန့်ဖို့ ကောင်းပါတယ်။ ဒါဟာ ဒီတစ်မြို့တည်းအတွက်ပဲ ရှိပါသေးတယ်။ သုတေသနအဖွဲ့ ISP-Myamar ရဲ့ လေ့လာမှုအရ မြန်မာစစ်တပ်အနေနဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အလယ်၊ ကမ်းရိုးတန်း စသဖြင့် နိုင်ငံတစ်ဝန်းမှာ တိုင်းစစ်ဌာနချုပ် ၁၄ ထားရှိတဲ့အနက် နယ်မြေ ၁၃ ခုမှာ တော်လှန်ရေးတပ်ဖွဲ့အစုံကို ခုခံစစ်ဆင်နွှဲနေရပါတယ်။ အဲဒီထဲက ၁၀ ခုမှာက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
မြေမြှုပ်မိုင်းရဲ့ အန္တရာယ်ကို မြန်မာနိုင်ငံရဲ့ မြို့နယ် တစ်ဝက်ကျော်မှာ ကြုံနေရတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကလည်း ဆိုထားပါတယ်။
စစ်စခန်းတွေ၊ စစ်ချီလမ်းကြောင်းတွေ ရှိပြီဆိုရင် ဘက်နှစ်ဖက်စလုံးကနေ မိုင်းတွေထောင်ကြတာ သဘာဝဆိုပေမဲ့ နိုင်ငံတကာမှာတော့ မြေမြှုပ်မိုင်းကို တားမြစ်ထားပါတယ်။ ၁၉၉၇ ခုနှစ်က ပေါ်ပေါက်လာတဲ့ မြေမြှုပ်မိုင်းတားဆီးဆန့်ကျင့်ရေး သဘောတူစာချုပ်မှာ နိုင်ငံ ၁၆၄ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားကြပါတယ်။
အဲဒီအထဲမှာ မြန်မာနိုင်ငံတော့ မပါပါဘူး။ မိုင်းထောင်ပြီဆိုရင်လည်း တည်နေရာကို စနစ်တကျမှတ်သား၊ မှတ်တမ်းတင်ပြီး စစ်ရေးအခြေအနေတွေ မရှိတော့တဲ့အခါ ပြန်လည်ဖယ်ရှားကြရပါတယ်။
မြန်မာပြည်မှာကတော့ အဲဒီလိုလုပ်ကြမယ့်အနေအထားကို မမြင်ရပါဘူး။ ပိုဆိုးတာက စစ်နယ်မြေတွေမှာပဲ မဟုတ်ဘဲ အရပ်သားတွေနေထိုင်ရာမှာလည်း မိုင်းတွေထောင်ကြတာပါ။
မြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းရဲ့ ဖော်ပြမှုတစ်ခုအရ စစ်ကောင်စီဟာ ကျေးရွာတွေ၊ ဘုရားကျောင်းတွေ၊ နေအိမ်တွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ၊ ဖုန်းတာဝါတိုင်တွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေပိုက်လိုင်းတွေနားမှာ မိုင်းထောင်တာတွေ ရှိပါတယ်။
တကယ်လို့များ မြန်မာပြည်ထဲက စစ်ပွဲတွေ ရုတ်ခြည်းပဲ ချုပ်ငြိမ်းသွားပြီဆိုပါတော့။ နယ်မြေအငြင်းပွားမှုတွေ၊ လူမျိုးစုအားပြိုင်မှုတွေ စတဲ့ နိုင်ငံရေးပြဿနာတွေလည်း ပြေလည်သွားကြပြီလို့လည်း စိတ်ကူးယဉ်ကြည့်ကြပါစို။ နေပျော်တဲ့ တိုင်းပြည်တစ်ခုကို ကျနော်တို့ ရကြဦးမယ်မဟုတ်ပါဘူး။
မိုင်းတွေဟာ သက်တမ်းကုန်ရက်စွဲ ရှိမနေကြပါဘူး။ နှစ်ပေါင်း ၅၀-၁၀၀ အထိလည်း သူတို့ဟာ အသက်ရှိနေကြပါသေးတာမို့ စစ်ပွဲတွေပြီးသွားရင်တောင် ဒီဒဏ်တွေကို ပြည်သူတွေ ခံကြရဦးမှာပါ။ မိုင်းဆိုတာမှာ မြေမြှုပ်မိုင်းတွေရော၊ တခြား ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေရော ပါဝင်ပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွကြောင့် ထိခိုက်နစ်နာ(အသက်/ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး)မှုဟာ မြင့်တက်လာနေပါတယ်။ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်တုန်းက ၂၅၂ ယောက်ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ ၂၈၄ ယောက် ရှိလာခဲ့ပါတယ်။ ဒါက လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မမြင့်သေးခင်အခြေအနေပေါ့။
၂၀၂၂ ခုနှစ်မှာတော့ ၃၉၀ ယောက် ဖြစ်လာပါတယ်။ ၂၀၂၃ မှာတော့ သုံးဆတက်လာခဲ့ပြီး ၁၀၅၂ ယောက်ဖြစ်ပါတယ်။ ဒီအထဲမှာ ကလေး ၂၂၆ ယောက်ပါဝင်ခဲ့ပြီး ၅၉ ယောက်ကတော့ သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ်လက်အင်္ဂါထိခိုက်ခံခဲ့ရတာပါ။
အခု ၂၀၂၄ ခုနှစ်ထဲမှာပဲ မတ်လအထိ ၃၃၉ ဦး ရှိခဲ့ပါပြီ။ ဒီအထဲက ၁၀၀ ဟာ ကလေးတွေဖြစ်ပါတယ်။ ၂၄ ယောက်က သေဆုံးခဲ့ရပြီး ၇၆ ယောက်ကတော့ ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။
ဒီအရေအတွက်က သုံးလစာပဲမို့ နှစ်ကုန်ရင် အရင်နှစ်တွေထက် ပိုများမယ့် အခြေအနေပါပဲ။ ရှမ်းပြည်နယ်၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းတွေက အများဆုံး ဖြစ်ကြပါတယ်။ အခုဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေဟာ အရပ်သားတွေပဲဖြစ်တယ်လို့ ကုလသမဂ္ဂကဆိုထားပါတယ်။ လက်နက်ကိုင်ဘက်အသီးသီးက ထိခိုက်ကျဆုံးမှုတွေ မပါသေးပါဘူး။
မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေခဲ့တာဟာ နှစ် ၇၀ ကျော်ခဲ့ပါပြီ။ ဒီကာလတွေအတွင်းမှာ အသုံးပြုခဲ့ကြတဲ့ မိုင်းတွေနဲ့ပတ်သက်ပြီးတော့လည်း ရှင်းမနိုင်ခဲ့ကြပါဘူး။ အာဏာမသိမ်းခင်ကတော့ မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွေကို နိုင်ငံတကာက အကူညီတွေနဲ့ အထိုက်အလျှောက်လုပ်ခဲ့တာတွေ ရှိသလို ပြည်သူလူထုကိုလည်း အသိပညာပေးမှုတွေကိုလည်း လုပ်နိုင်ခဲ့ကြပါတယ်။
အခု အာဏာသိမ်းပြီးနောက်မှာတော့ စစ်မျက်နှာတွေ ပိုပြီးကျယ်ပြန့်လာပါတယ်။ နိုင်ငံတကာအကူအညီတွေလည်း နောက်ဆုတ်သွားပါတယ်။ တိုင်းပြည်က ဖရိုဖရဲဖြစ်နေတာမို့ ပြည်သူလူထုကို အသိပညာပေးနိုင်မှုကလည်း ပျက်စီးသွားပါတယ်။
အခုနှစ်အစောပိုင်းတုန်းကတော့ ဗြိတိန်က ဒေါ်လာ တစ်သန်းထောက်ပံ့မယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။
ဒါဟာ မြေမြှုပ်မိုင်းအန္တရာယ်တွေကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေ ရှိနေသ၍ မိုင်းထောင်တာတွေကလည်း ဆက်ပြီးတော့ ရှိနေကြဦးမှာပါပဲ။
ကျနော်ဟာ ဝက်ဘ်ဆိုက်ထဲက ဇယားကို ထပ်ခါထပ်ခါ ကြည့်နေမိပါတယ်။ ဗီယက်နမ် သုည၊ အင်္ဂလန် သုည၊ အမေရိကန် သုည။ ဒီလိုပါပဲ တခြားနိုင်ငံတော်တော်များများဟာလည်း သုညတွေပါပဲ။ သူတို့တွေကို မြင်ရတာတော့ အားကျဖို့ ကောင်းလိုက်တာလို့ပဲ တွေးနေမိပါတယ်။
ကျနော်တို့နိုင်ငံက ခြေထောက်တွေကတော့ သတိကြီးကြီးထားပြီး လျှောက်နေကြရပါလိမ့်ဦးမယ်။ ခြေတစ်လှမ်း နှိုင်းအပ်စရာမဟုတ်ပေမဲ့ ကုဋေတစ်သန်းဆိုတဲ့ ဆိုရိုးစကားကိုတောင် သတိရစရာပါ။
ခြေတစ်လှမ်းဟာ တစ်ဘဝစာပါပဲ။ ခြေတစ်လှမ်းအကြွမှာ ဘဝအသစ်တစ်ခုကို ရောက်သွားနိုင်ပါတယ်။ အထူးသဖြင့် တောကျေးလက်က လူတွေ၊ တောလည်ထွက်ရတာ ကြိုက်တဲ့သူတွေပေါ့။
သံယံ