BREAKING
December 30, 2024

ထားဝယ်တွင် မီတာခကြွေးကျန်များကို တစ်လနောက်ဆုတ်မစောင့်ဆိုင်းတော့ဘဲ မီးဖြတ်မည်ဟု ကုမ္ပဏီပြော

July 4, 2024

ဓာတ်ပုံ - Petro & Trans

ထားဝယ်ခရိုင်‌ လေးမြို့နယ်တွင် လျှပ်စစ်မီတာခ ကြွေးကျန်များကို တစ်လနောက်ဆုတ် မစောင့်ဆိုင်းတော့ဘဲ မီတာဘေလ် ပေးဝေသည့်လ၏ ၂၅ ရက်ကို ကျော်လွန်လျှင် မီးဖြတ်တော့မည်ဖြစ်ကြောင်း ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုပေးနေသည့် Petro & Trans ကုမ္ပဏီက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်သည်။

ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး မီတာခကြွေးကျန်များကို လျှပ်စစ်မီတာဘေလ် ဖြန့်ဝေသည့် လ၏ နောက်တစ်လ ၂၅ ရက်အထိ စောင့်ဆိုင်းပြီးမှသာ မီးဖြတ်တောက်ခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

ဥပမာ မေလအတွက် မီတာသုံးစွဲခ မီတာဘေလ်ကို ဇွန်လတွင် ဖြန့်ဝေပြီး ဇူလိုင် ၂၅ ရက်အထိ တစ်လနောက်ဆုတ် စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မီတာခကြွေးကျန်များကို တစ်လနောက်ဆုတ် ကောက်ခံခဲ့သဖြင့် မီတာကြွေးကျန်များလာပြီး အခက်အခဲများ ကြုံလာနေရကြောင်း ကုမ္ပဏီဘက် ထုတ်ပြန်သည်။

ထို့ကြောင့် မီတာခ ကြွေးကျန်များအား ဇွန်လအတွက် မီတာခများမှစ၍ တစ်လနောက် မစောင့်ဆိုင်းတော့ဘဲ ကိုဗစ်မတိုင်မီ ကာလများကဲ့သို့ပင် မီတာဘေလ် ပေးဆောင်သည့်လ၏ ၂၅ ရက်အထိသာ စောင့်ဆိုင်းကာ ကျော်လွန်လျှင် မီးဖြတ်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုမ္ပဏီ၏ မီတာရေးရာဌာနထံ Dawei Watch က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၎င်းတို့ဌာနအနေဖြင့် ဖြေကြားခွင့်မရှိသဖြင့် ကုမ္ပဏီသို့လာရောက်၍ ဒါရိုက်တာအဖွဲ့ထံ မေးမြန်းနိုင်ကြောင်း တုံ့ပြန်ဖြေကြားသည်။

မီတာခကြွေးကျန်များအပြင် အချို့ကျေးရွာများ၌ အကြောင်းအမျိုးမျိုးကြောင့် မီတာဖတ်မရသည့် အခြေအနေ များလည်း ရှိသဖြင့် ကုမ္ပဏီဘက်က ရရှိရန်မီတာကြွေးကျန်များ များပြားလာနေသဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် ၂ဝ၂၂ခုနှစ်ကလည်း မေတ္တာရပ်ခံစာတစ်စောင်ထုတ်ခဲ့ဖူးသေးသည်။

Petro & Trans ကုမ္ပဏီသည် ၂ဝ၂၀ ပြည့်နှစ် ဇန်နဝါရီလ ကစ၍ ယခုအထိ ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းကို ဆောင်ရွက်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခ ဈေးဆက်တိုက်တက်လာခဲ့ပြီး ပြီးခဲ့သည့် မေလအတွက် တစ်ယူနစ် ၄၅ဝ ကျပ်နှုန်းဖြင့် ကုမ္ပဏီသက်တမ်းတစ်လျှောက်အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သည်။

ယခုနှစ် နွေရာသီ ဖေဖော်ဝါရီလကစ၍ ယခု ဇူလိုင်လအထိ လျှပ်စစ်ပုံမှန်မရရှိဘဲ ပြတ်တောက်မှုအခက်အခဲကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထားဝယ်ခရိုင်က လျှပ်စစ်သုံးစွဲသူများက ပြောသည်။