BREAKING
September 7, 2024

အတ္တလောင်းရိပ်မိ ပန်းကလေးများ

July 4, 2024

မိုးရာသီ ကောင်းကင်တစ်ခွင်လုံး တိမ်မည်းတွေအုပ်ဆိုင်းနေပေမယ့် ဒေါ်ထွေးရီရဲ့ ကမ္ဘာလေးမှာတော့ ကြည်လင်သာယာလွန်းတဲ့ တိမ်ပြာပြာနေ့တစ်နေ့ပါပဲ။

ရွာမှာရှိတဲ့ ဘကကျောင်းမှာ ကလေးတွေကျောင်းတက်ခွင့်ရတော့မှာဆိုတဲ့ အသိက သိန်းထီပေါက်တာထက်ကို သူမကို ပျော်ရွှင်စေခဲ့တာပါ။

“ကျောင်းဖွင့်တော့မယ်ဆိုတော့ ဝမ်းပန်းတသာနဲ့ ကျောင်းသွားအပ်ထားတာ…” လို့ ဒေါ်ထွေးရီကဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မျှော်လင့်ချက်က ၄၈ နာရီတောင် မခံလိုက်ပါ။ စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချနင်းဖျက်ဆီးခံလိုက်ရပါတော့တယ်။

“အခုတော့ ကျောင်းမဖွင့်တော့ဘူးဆိုတော့ ငါတို့ဘာမှလုပ်လို့မရတော့ဘူးလေ။ ငါတို့က သူများတွေလို မြို့တွေမှာလည်း ထားနိုင်တဲ့သူတွေမဟုတ်ဘူး”

ဖုန်းထဲကတစ်ဆင့် ကြားနေရတဲ့ ဒေါ်ထွေးရီရဲ့အသံ တိမ်ဝင်ပျောက်ကွယ်သွားပါတယ်။ သူတို့တစ်ရွာလုံးလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ကြ။ ပြန်မပြောရဲကြ။

ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားပိုင်ခွင့်ရှိနေစေဖို့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာ ပြဋ္ဌာန်းထားပြီး အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အခြေခံပညာရေးကို အခမဲ့သင်ကြားပေးဖို့ ပြဋ္ဌာန်းထား ပါတယ်။

မြန်မာနိုင်ငံကလည်း အပြည်ပြည်ဆိုင်ရာကလေးသူငယ်များ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ လက်မှတ်ထိုးအတည်ပြုခဲ့သလို ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်များဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၁၉ ခုနှစ်မှာ ဥပဒေကို ပြင်ဆင် နိုင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ရဲ့ အခြေခံစံနှုန်းတစ်ခုက ကလေးသူငယ်တွေ ရဲ့ အခွင့်အရေးဆိုင်ရာကိစ္စတွေကို စဉ်းစားတာ ဆုံးဖြတ်တာစီစဉ်ကြရာမှာ လူကြီးတွေရဲ့ အတ္တသဘောဆန္ဒတွေနဲ့ ဆုံးဖြတ် တာမျိုးမဟုတ်စေဘဲ ကလေးသူငယ်တွေရဲ့အကျိုးကိုသာ ရှေးရှုပြီးစဉ်းစား ဆုံးဖြတ်ဖို့ဆိုပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ ဒီပြဋ္ဌာန်းချက်တွေနဲ့ လုံးလုံးဆန့်ကျင်နေပြီး ကလေးတွေရဲ့ ပညာသင်ကြားခွင့်ဟာ ပုံစံအမျိုးမျိုးနဲ့ တားဆီးခံနေရပါတယ်။

ပညာရေးလမ်းပျောက်နေတဲ့ ကလေးတွေ

ဒေါ်ထွေးရီတို့ နေထိုင်တဲ့မြို့နယ်မှာက တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ဖူးပါတယ်။

စာသင်ကျောင်းတွေ၊ ကျေးလက်ကျန်ႏမာရေးဌာနတွေအကုန် အာဏာသိမ်းပြီးကတည်းက ပိတ်ထားခဲ့ရလို့ ခြုံတွေထူပြီး တောထနေကြပါပြီ။

ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ရပ်နားထားတဲ့ ဘုန်းတော်ကြီးသင်ကျောင်း (ဘကကျောင်း) ပြန်ဖွင့်တော့မယ်ဆိုတဲ့ သတင်းက ကိုဗစ်နဲ့ အာဏာသိမ်းဂယက်တွေကြောင့် ၅ နှစ်အကြာစောင့်မျှော်နေခဲ့တဲ့ ဒေါ်ထွေးရီတို့ရွာက ကျောင်းသား မိဘတိုင်းရဲ့ ရှေ့ပြေးမျှော်လင့်ချက်ဆိုလည်း မမှားပါဘူး။

ဇွန်လရဲ့ နောက်ဆုံးရက်နေ့တွေက ဒေါ်ထွေးရီတို့ရွာမှာ ပညာရေးနဲ့ပတ်သက်ပြီး အစည်းအဝေး လုပ်ကြပါတယ်။ ကျောင်းသားမိဘတွေ ရွာလုံးကျွတ်နီးပါး တက်ခဲ့ကြတာပါ။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ဖို့အခက်အခဲရှိတဲ့ ကလေးတွေအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်မယ့်အကြောင်းပြောပြီး မိဘတွေရဲ့ သဘောထားကို ဦးဆောင်သူတွေက မေးမြန်းခဲ့ကြပါတယ်။

ကျောင်းသားမိဘတွေအားလုံးက ကြည်ကြည်ဖြူဖြူလက်ခံကြလို့ ရွာမှာဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဖွင့်ဖို့ ဆုံးဖြတ်ပြီး ကျောင်းအပ်လက်ခံကြပါတယ်။ အဲဒီလိုကျောင်းအပ်လက်ခံတဲ့ ပထမဆုံးနေ့မှာတင် ကျောင်းသား ၄၀၀ ကျော်လောက် လာအပ်နှံခဲ့တာပါ။

ဒါပေမဲ့ စစ်ကျွန်ပညာရေး အားမပေးဘူးဆိုတဲ့ ကန့်ကွက်မှုနဲ့အတူ ရွာသားတွေရဲ့ မျှော်လင့်ချက်တွေ ပြီးဆုံးသွားခဲ့ပါပြီ။

သူတို့ရွာဟာ ကျေးရွာကြီးတစ်ရွာဖြစ်တာကြောင့် ဘကကျောင်းသာပြန်ဖွင့်နိုင်ရင် ကျောင်းသား တစ်ထောင်လောက်က အေးဆေးရှိပါတယ်။ ဒါတောင်အနီးနားရွာတွေက လာကြမယ့် ကလေးတွေ မပါသေးပါဘူး။

တနင်္သာရီတိုင်းပညာရေးမှူးရုံးရဲ့စာရင်းတွေအရ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က တိုင်းထဲမှာ အခြေခံ ကျောင်းသား၊ ကျောင်းသူပေါင်း သုံးသိန်းကျော်ရှိတာပါ။ ကိုဗစ်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံကျောင်းတွေပြန်မဖွင့်နိုင်တော့လို့ နယ်ကျေးရွာတွေက ကျောင်းသူကျောင်းသားအများစု ကျောင်းမနေရတော့ပါဘူး။

တိုင်းပညာရေးမှူးရုံးရဲ့ ၂၀၂၂ ခုနှစ်စာရင်းအရ တနင်္သာရီတိုင်းမှာအခြေခံကျောင်းသားဦးရေ တစ်သိန်းကျော်သာ ကျန်ပါတယ်။ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျောင်းသားဦးရေ သုံးပုံတစ်ပုံလောက်နဲ့ညီမျှတဲ့ ကျောင်းသားဦးရေ တစ်သိန်းလောက်ဟာ ကျောင်းစာသင်ခန်းရဲ့ ပြင်ပကို ရောက်ရှိနေတယ်လို့ ယေဘုယျကောက်ချက်ချရမှာဖြစ်ပါတယ်။

ဒေါ်ထွေးရီရဲ့သားသမီးနှစ်ယောက်စလုံးကလည်း ကိုဗစ်နဲ့စစ်အာဏာသိမ်းပြီးကတည်းက ကျောင်းစာသင်ခန်းအပြင်ကို ရောက်နေခဲ့တာ ဒီနှစ်ပါဆိုရင် ၅ နှစ်ဆက်ရှိနေပါပြီ။

“သူများသားသမီးတွေ (မြို့မှာ)ကျောင်းထားနေကြတာလေ။ ကိုယ်ကတော့ သူများကို မျှော်ကြည့်နေရတာပေါ့။ အားငယ်နေရတော့ပေါ့” လို့ ဒေါ်ထွေးရီကဖွင့်ဟပါတယ်။

အသက်တွေသာ တစ်နှစ်ပြီးတစ်နှစ်ကြီးလာပေမယ့် ကလေးတွေရဲ့အသက်အရွယ်၊ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လိုက်ဖက်မယ့် ပညာသင်ကြား၊ သင်ယူမှုအခွင့်အလမ်းမရှိဘဲ ပညာရေး လမ်းပျောက်နေတဲ့ ကလေးတွေ ဒေသတွင်းမှာ အများအပြားရှိနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေက ကျေးရွာအချို့မှာ NUG ကဖွင့်တဲ့ကျောင်းတွေ ရှိတယ်ဆိုပေမယ့် ကလေးအားလုံး ပညာရေးလက်လှမ်မီဖို့ကိုတော့ သူတို့လည်း အခုချိန်အထိ မလုပ်နိုင်သေးပါဘူး။

မြို့နယ်ပညာရေးဘုတ်အဖွဲ့တစ်ခုရဲ့ ၂၀၂၃ ခုနှစ်စာရင်းအရ သူတို့မြို့နယ်မှာဖွင့်ထားတဲ့ NUG ကျောင်းတွေမှာ အခြေခံ ကျောင်းသား သုံးထောင်ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။ ကျောင်းသားသုံးထောင်ဆိုတာ အလွန်ဆုံးကျေးရွာ အုပ်စုအဆင့် ရွာကြီးသုံးရွာက ကျောင်းသားအရေးအတွက်ထက်မပိုပါဘူး။

“အခုကလေးတွေ စာမသင်ရဘဲဖြစ်နေတာ တစ်နှစ်ကနေ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်ဖြစ်နေပြီလေ။ ကလေးတွေဆိုတာက ပညာရေးနဲ့ နည်းနည်းဝေးသွားတာနဲ့ စာမသင်ချင်ကြတော့ဘူး။ ကြီးလာမှ ဟိုးရှေးရှေးတုန်းကလို အသုံးလုံးလိုက်သင်နေလို့ မရဘူး” လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

ဖောက်ထွက်ကြသူများ

ဒီလိုအခြေအနေမှာ ပညာသင်ခွင့်မရတဲ့ ကျောင်းသားတွေအရေးနဲ့ပတ်သက်ပြီး နည်းလမ်းရှာနေသူတွေက ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းအသစ်တစ်ခုကို တွေးတောလာကြပါတယ်။

အဲဒါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပါ။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ တစ်နည်းအားဖြင့် ဘကကျောင်းတွေဟာ မြန်မာ့ပညာရေးသမိုင်း ရှေးပဝေသဏီ ကတည်းက ပေါ်ပေါက်နေတာရယ်၊ ကျောင်းသားတွေအတွက် သင်ကြား၊ သင်ယူရေးပတ်ဝန်းကျင် အသင့်အတင့် ကောင်းမွန်နေတာ၊ ဘုန်းကြီးက ကလေးတွေရဲ့ပညာရေး ကုန်ကျစရိတ်အချို့ကို စိုက်ထုတ်ပေးတာကြောင့် မိဘတွေမှာ အထိုက်အလျောက်စရိတ်သက်သာစေတာ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုလိုမျိုး အန္တရာယ်ကို လျှော့ချနိုင်တာ၊ လက်တွေ့အတန်းတင်ပေးနိုင်တာ စတဲ့အားသာချက်တွေရှိနေလို့ စဉ်းစားရတာလို့ ဦးဆောင်သူတွေက ဆိုပါတယ်။

အဓိကအရေးအကြီးဆုံးအချက်ကတော့ ဘကကျောင်းတွေဟာ အခုလိုပဋိပက္ခကာလမှာ ကလေးတွေအတွက် လုံခြုံ ဘေးကင်းတဲ့ သင်ယူရေး ပတ်ဝန်းဖြစ်နိုင်တဲ့အချက်ကြောင့်ဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုတာက ဆိုပါတယ်။

“ကျွန်တော်တို့ ဘက ကျောင်းကိုဖွင့်ဖို့ စိတ်ကူးရလာတာက လုံခြုံရေးအခြေအနေကြောင့်ပါ။ NUG ကျောင်းဆိုရင် မိဘတွေ စိတ်ထဲမှာဖြစ်နေတာက စစ်ကောင်စီကနေပြီး လေယာဉ်နဲ့ဗုံးလာကြဲချမလားဆိုတဲ့ ဆိုက်ကိုတစ်ခုက ဖြစ်နေတယ်ဗျ။ အဲဒီ တော့ ကျွန်တော်တို့က ဘယ်လိုဆိုအဆင်ပြေမလဲလို့ လုံခြုံရေးကိုအဓိကထားပြီးစဉ်းစားကြတာပါ”လို့ ကိုတာကဆိုပါတယ်။

ကိုတာတို့ ဦးဆောင်သူတွေမျှော်လင့်ခဲ့တာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို စစ်ကောင်စီက အန္တရာယ် ပေးနိုင်ချေ နည်းပါးသလို ၅ နှစ်အကြာပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေရဲ့ ပညာရေးကို ရှေ့ရှုပြီးပဲဖြစ်စေ၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် အရဖြစ်စေ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

“ဒီကျောင်းသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်တဲ့အတွက် စစ်ကောင်စီကလည်း လာပြီးရန်မရှာရအောင်၊ တော်လှန်ရေးအဖွဲ့တွေကလည်း လာပြီးရန်မရှာရအောင် ကလေးတွေအတွက် လုံခြုံအောင်ဆိုပြီး စဉ်းစားကြတာဖြစ်တယ်” လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့ဦးဆောင်သူ ကိုမင်းလွင်ဦးက ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်ရာမှာတော့ ကန့်ကွက်မှုတွေဖြစ်လာပါတယ်။

ကျောင်းဖွင့်ဖို့အားလုံးပြင်ဆင်ပြီး ကျောင်းစအပ်လက်ခံခဲ့တဲ့ ဒေါ်ထွေးရီတို့ရွာမှာ လက်နက်ကိုင်တော်လှန်ရေးသမားတစ်ဦး ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းရဲ့တပ်စုမှူးတစ်ဦးက တားဆီးကန့်ကွက်ခဲ့ပါတယ်။

အလားတူ ဘကကျောင်းဖွင့်ဖို့အားလုံးအဆင်သင့်ဖြစ်နေတဲ့ အနီးအနားက အခြားကျေးရွာတစ်ရွာမှာလည်း မြို့နယ် ပညာရေး ဘုတ်အဖွဲ့ဝင် CDM ဆရာ၊ ဆရာမအချို့နဲ့ တော်လှန်ရေးထောက်ပို့အဖွဲ့ဝင်တချို့ရဲ့ ကန့်ကွက်မှုနဲ့ ကြုံခဲ့ရပါတယ်။

သူတို့ကန့်ကွက်ရတဲ့အ အဓိကအကြောင်းအရင်းကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စစ်ကျွန်ပညာရေးကို အားပေးတဲ့ကျောင်းတွေ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ဖို့ကိစ္စကို ကျောင်းသားမိဘတွေဖက်က သဘောတူကြပေမယ့် စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တွန်လှန်ရေးအဖွဲ့ဝင်အချို့က ကန့်ကွက်နေကြတာဖြစ်တယ်လို့ ဘကကျောင်းကိစ္စဦးဆောင်နေသူနဲ့ ကျောင်းသားမိဘအချို့က ဆိုပါတယ်။

“PDF တစ်ယောက်က ရွာကပြည်သူတွေရဲ့ဆန္ဒကိုလုံးဝမမေးဘဲနဲ့ သူ့သဘောနဲ့သူ စစ်ကျွန်ပညာရေးကို သူလုံးဝ အားမပေး ဘူးဆိုပြီး အစည်းအဝေးမှာ စားပွဲကိုလက်နဲ့ပုတ်ပြီး ပြောပြီးထွက်သွားတယ်။ သူတို့ကအဲဒီလိုမျိုးဆိုတော့ ရွာသားတွေက ဆက်လုပ်လို့ မရဲတော့ဘူးလေ။ ကျောင်းပြန်ပိတ်လိုက်ရတာပေါ့” လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီကပဲဖြစ်ဖြစ်၊ တော်လှန်ရေးအင်အားစုတွေကဖြစ်ဖြစ် ကလေးတွေရဲ့ပညာသင်ယူခွင့်ကို ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ဖြစ် တားဆီးကန့်ကွက်သည်ဖြစ်ပါစေ ဒါဟာကလေးတွေရဲ့ လွတ်လပ်စွာပညာသင်ယူခွင့် အခွင့်အရေးကို တားဆီးပိတ်ပင်တာပဲ ဖြစ်တယ်လို့ ကိုမင်းလွင်ဦးက ထောက်ပြပါတယ်။

စစ်ကျွန်ပညာရေး၊ တော်လှန်ပညာရေး

စစ်အာဏာသိမ်းပြီးချိန်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေနဲ့အတူ ကျောင်းမတက်ရေး လှုပ်ရှားမှုတွေ အရှိန်ကောင်းခဲ့ပါတယ်။

စစ်ကောင်စီကျောင်းတွေမှာ မတက်ဖို့တိုက်တွန်းလှုံ့ဆော်မှုတွေကို ပြည်သူတွေကလည်း လက်ခံခဲ့သလို ကျောင်းသားတွေကိုယ်တိုင်လည်း ကျောင်းမသွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းကာလက ၃ နှစ်ကျော်ရောက်လာချိန်မှာတော့ ကလေးပညာရေးအတွက် မိဘတွေက စိတ်ပူပန်လာသလို ပညာရေးနဲ့ ကင်းကွာသွားတဲ့ ကလေးတွေလည်း ပိုများလာနေပါပြီ။

ဒီအချိန်မှာ ကလေးတွေ ပညာရေးရှေ့ဆက်ဖို့ လိုတယ်လို့ လက်ခံလာသူတွေ များလာသလို စစ်ကျွန်ပညာရေး အားမပေးနဲ့ဆိုပြီး ဆက်လက်ကိုင်စွဲထားသူတွေလည်း ရှိလာပါတယ်။

တော်လှန်ပညာရေး ဆိုတဲ့အသုံးအနှုန်းကလည်း ရှေ့ရောက်လာပြီး စစ်ကျွန်ပညာရေး အားမပေးတာက တော်လှန်ပညာရေးလားဆိုတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။

တော်လှန်ပညာရေးဆိုတာက မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီခေတ်မှာ စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဗြိတိသျှတွေရဲ့ ပညာရေး စနစ်ဟာ ကျွန်ဇာတ်သွင်းနေတဲ့စနစ်၊ ငွေကြေးတတ်နိုင်သူတွေအတွက်ဖော်ဆောင်တဲ့စနစ်၊ ကိုလိုနီစနစ်အားပေးတဲ့ ပညာ ရေး စတဲ့အခြေအနေတွေကြောင့် တော်လှန်ပညာရေးကို ပုံဖော်ခဲ့ကြပြီး အမျိုးသားကျောင်းတွေ ပေါ်ထွက်လာခဲ့ ပါတယ်။

အတွေးအခေါ် လွတ်လပ်တဲ့လူငယ်တွေကို အမျိုးသားကျောင်းတွေကနေ မွေးထုတ်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အခုတော်လှန်ပညာရေးဆိုပြီး ပြန်လည်ဖော်ထုတ်လာကြပေမယ့် အမျိုးသားပညာရေးလို ပညာရေးစနစ်တစ်ခုလုံးကို ပြောင်းလဲဖော်ဆောင်တာမျိုး မဟုတ်ဘူးလို့ ထောက်ပြသူတွေကလည်း ရှိပါတယ်။

လက်ရှိပညာရေး စနစ်ကိုပဲ အုပ်ချုပ်တဲ့အဖွဲ့အစည်း ပြောင်းသွားတဲ့ အဆင့်ပဲရှိပြီး ဒီသင်ရိုးကိုပဲ ဒီလိုပုံစံနဲ့ပဲ သင်ကြားနေကြတာဆိုတော့ ပညာရေးစနစ်ကို တော်လှန်တာမဟုတ်ဘဲ အာဏာရှင်ကို မကြိုက်လို့ သူဦးစီးတဲ့ စနစ်မှာမပူးပေါင်းတဲ့အဆင့်ပဲ ရှိသေးတယ်လို့ သူတို့က ထောက်ပြကြပါတယ်။
ဒီစနစ်ကိုပဲ သူ့အုပ်ချုပ်မှုအောက်မှာမသင်ရင် ဒါတော်လှန်တာပဲလို့ သတ်မှတ်နေတာသာဖြစ်တဲ့အတွက် တော်လှန်ပညာရေးရဲ့ အနှစ်သာရကော သဘောတရားကော မတူဘူးလို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

ပညာရေးအားနည်းရင် အာဏာရှင်စနစ်သက်ဆိုးရှည်မှာဖြစ်လို့ ပညာသင်ကြားခွင့် ပိတ်ပင်နေတာကလည်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အားပေးအားမြှောက် လုပ်နေတာဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

စစ်ကျွန်ပညာရေးဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားသလဲလို့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံကို Dawei Watchက မေးမြန်းရာမှာတော့ သူတို့အနေနဲ့ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုထားတာမရှိပေမယ့် ပညာရေးကဏ္ဍမှာ စစ်ကောင်စီကို အားမပေးဘဲ သပိတ်မှောက်ခြင်း တော်လှန်ရေးနည်းနာတစ်ခုအဖြစ် နားလည်ထားတယ်လို့ ဆိုပါတယ်။

ဘကကျောင်းဦးဆောင်သူတွေကတော့ ဘကကျောင်းတွေ၊ စစ်ကောင်စီထိန်းချုပ်မှုအောက်က အခြေခံကျောင်းတွေမှာ သင်ကြားနေကြတဲ့ သင်ရိုးတွေနဲ့ NUG ကျောင်းတွေမှာသင်ကြားနေတဲ့ သင်ရိုးတွေဟာ အတူတူပဲဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီအောက်မှာ မှတ်ပုံတင်ထားရုံနဲ့ စစ်ကျွန်ပညာရေးလို့ သတ်မှတ်လို့မရဘူးလို့ဆိုကြပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်ထားလို့ စစ်ကျွန်ပညာရေးလို့ သတ်မှတ်မယ်ဆိုရင် စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်ပြီး ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေကိုလည်း အလားတူသတ်မှတ်ရမှာဖြစ်တယ်လို့ ကိုမင်းလွင်ဦးက ထောက်ပြပါတယ်။

“သင်ခန်းစာတွေထဲမှာ တော်လှန်ရေးမကောင်းကြောင်း၊ PDF မကောင်းကြောင်းတွေ ပါနေတယ်ဆိုရင်တော့ ဒါဟာစစ်ကျွန်ပညာရေးလို့ ပြောလို့ရတယ်။ အခုကအဲဒါတွေလည်းမပါဘူး။ တကယ်လို့ပါနေရင်တော့ အဲဒီသင်ခန်းစာတွေကို ဆုတ်ဖြဲပြီး သင်ရမှာပဲ” လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။

အဲဒီအပြင် ဆရာ၊ ဆရာမတွေကို CDM လုပ်ဆောင်ဖို့ ဆော်ဩခဲ့တာဟာလည်း စစ်ကောင်စီယန္တရား မလည်ပတ်နိုင်အောင် သာဖြစ်ပြီး ကျောင်းသားတွေစာမတတ်အောင် လုပ်ဖို့မဟုတ်ဘူးလို့ ကိုမင်းလွင်ဦးကဆိုပါတယ်။

တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ ဒေသတွင်းက သံဃာတော်တစ်ပါးကလည်း ဘုန်းတော်ကြီး ပညာသင်ကျောင်းဆိုတာ ရှေးပဝေသဏီကတည်းက မြန်မာပြည်သူတွေရဲ့ ပညာရေးလိုအပ်ချက်ကွပ်လပ်ကို ဖြည့်ဆည်း လာတဲ့ ကျောင်းဖြစ်တာကြောင့် စစ်ကျွန်ပညာရေးလို့ လွယ်လွယ်သတ်မှတ်လို့ မရနိုင်ဘူးလို့ မိန့်ကြားပါတယ်။

ငါးနှစ်ကျော်ဝေးကွာနေတဲ့ ကလေးတွေရဲ့ပညာရေးကို ငဲ့ကွက်သောအားဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ဖွင့်သင့်တယ်လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။

“ကလေးတွေက ကိုဗစ်ဖြစ်ကတည်းက ပညာလည်းမသင်ရ၊ ဘာလည်းမသင်ရဖြစ်နေတာဆိုတော့ ဦးဇင်းကတော့ ဘကကျောင်းတွေဖွင့်သင့်တယ်လို့မြင်တယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

ရွာမှာဖွင့်မယ့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟာ စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုက်ချိုးခံလိုက်ရပြီး တဲ့နောက် ဒေါ်ထွေးရီခမျာ သူ့ကလေးနှစ်ယောက်ရဲ့ ကျောင်းဝတ်စုံလေးတွေကို ပြန်ခေါက်သိမ်းထားလိုက်ပါပြီ။

ဒီကျောင်းဝတ်စုံကိုလည်း သူဝယ်ပေးနိုင်တာမဟုတ်ပါဘူး။ သူ့ကလေးနှစ်ယောက်ကို သနားပြီး ဘေးအိမ်က ဝယ်ပေးထားတာပါ။

တကယ်တော့ ဒေါ်ထွေးရီဟာ မိသားစုသုံးယောက်စားဝတ်နေရေးကို လက်လုပ်မုန့်ရောင်းပြီး ဖြေရှင်းနေရတဲ့ မုဆိုးမ တစ်ယောက် ပါ။ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ သူ့အတွက် သူများကလေးတွေလို မြို့ကျောင်းပို့ဖို့ဆိုတာ စိတ်တောင်မကူးရဲတဲ့ အခြေအနေ။

“မြို့မှာသွားထားဖို့ကလည်း အရည်အချင်းမရှိ (ငွေကြေးမတတ်နိုင်) ကိုယ့်စားဝတ်နေရေးနဲ့တောင် မနည်းရုန်းကန် နေရတာလေ” လို့ ဒေါ်ထွေးရီကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေဟာ လွတ်လပ်စွာပညာသင်ယူခွင့် အကြီးအကျယ်ချိုးဖောက်ခံနေရတာပါ။

စစ်ကောင်စီကျောင်းမှာတက်တဲ့ ကျောင်းသားမိဘတွေကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဖက်က ဖိအားပေးတာတွေ ရှိသလို NUG ကျောင်းမှာတက်တဲ့ကလေးတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးတာတွေရှိပါတယ်။

အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ်ဝန်းကျင်မှာ မကြာခဏစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြောက်လို့ ဒေသတွင်းက ကျောင်းသားမိဘတွေဟာ ကျောင်းစာအုပ်တွေကိုတောင် အိမ်မှာမထားရဲကြတဲ့အထိ ကြောက်လန့်ခဲ့ကြရတာပါ။

နိုင်ငံတစ်ဝန်းမှာလည်း စာသင်ကျောင်းတွေကိုပါမချန် စစ်ကောင်စီက လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့လို့ ကျောင်းသားတွေ သေကြေဒဏ်ရာရတဲ့ဖြစ်စဉ်တွေ မကြာခဏပါပဲ။

အလားတူတော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီထိန်းချုပ်မှုအောက်က အခြေခံကျောင်းတွေမှာ တက်ရောက်နေသူတွေကို ခြိမ်းခြောက်ဖိအားပေးတာတွေရှိပါတယ်။

၂၀၂၂၊ ၂၀၂၃ ခုနှစ်က မြို့ပေါ်က အခြေခံကျောင်းတွေမှာ ကျောင်းထားခဲ့တဲ့ မိသားစုဝင်အချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ အချို့က ခြိမ်းခြောက်စာတွေပေးပို့ခဲ့လို့ ကျောင်းသားမိဘတွေ နေရပ်မှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ဖြစ်စဉ် တွေလည်း ဖြစ်ပွားခဲ့ပါတယ်။

အလားတူမြို့ကျောင်းတက်နေတဲ့သူတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက လမ်းမှာတားဆီးပြီး စစ်ဆေးတာ၊ ဖိအားပေးတာတွေလည်းရှိခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီဦးဆောင်သူ ကိုမင်းလွင်ဦးက ပြောပါတယ်။

“စစ်ကောင်စီကျောင်းတွေမှာတက်နေတဲ့ ကလေးတွေကို တော်လှန်ရေးအဖွဲ့တွေက ဖိအားပေးတာတွေရှိသလိုမျိုးပဲ တစ်ဖက်က စစ်ကောင်စီကလည်း NUG ကျောင်းတွေမှာ တက်နေတဲ့ကလေးတွေကို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာတွေ အများကြီး(လုပ်နေတာ) ကြုံနေရတယ်” လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှု

ကလေးတွေရဲ့လွတ်လပ်စွာပညာသင်ယူခွင့်ကိုတားဆီးပိတ်ပင်နေတဲ့အထဲ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့နဲ့ NUG ပညာရေး ဝန်ကြီးဌာနအောက်က မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တွေ ပါဝင်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို Dawei Watch ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ပြန်းကြားရေးတာဝန်ခံကို Dawei Watch က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၂၇ ရက်မှာ ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီကိစ္စသူတို့မသိသေးဘူးလို့ဆိုပါတယ်။

ကျောင်းသားတွေရဲ့ ပညာသင်ကြားခွင့်အပေါ် ဘယ်လိုမူဝါဒသတ်မှတ်ထားတာရှိလဲ ဆက်မေးရာမှာတော့ ခရီးထွက်နေတာမို့ လတ်တလောမဖြေကြားနိုင်သေးဘဲ ပြန်ဆက်သွယ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးရေးပြီးတဲ့အထိ ပြန်ဆက်သွယ်လာတာမျိုးမရှိခဲ့ပါဘူး။

ကျောင်းသားမိဘတစ်ဦးကတော့ သူတို့ရွာမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်မှာကို တားဆီးခဲ့တဲ့ ထားဝယ်ခရိုင်မှတ် ၂ တပ်ရင်းက တပ်စုမှူးရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။

“အခုသူတို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ရပ်ရွာက စားနပ်ရိက္ခာတွေရော၊ လက်နက်ခဲယမ်းတွေအတွက်ရော ထောက်ပံ့နေတာ။ ရပ်ရွာကတော့ သူတို့အတွက် အကျိုးပြုပေးနေတာပဲ။ အခုသူတို့ကျတော့ ရပ်ရွာကို ဘယ်လိုပြန်ပြီးအကျိုးပြုမှာလဲလို့ မေးချင်တာ” လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံကတော့ ဒေသတွင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဖွင့်မှာကို တားဆီးကန့်ကွက်တာမရှိဘူးလို့ဆိုပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ စစ်ကောင်စီနဲ့ဆက်နွယ်နေတာမို့ ဘုတ်အဖွဲ့အနေနဲ့ အဲဒီကျောင်းဖွင့်မယ့်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်တဲ့အကြောင်းသာ ပြောဆိုခဲ့တာလို့ တုံ့ပြန်ပါတယ်။

ကျောင်းသားမိဘတွေအနေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာပဲဖြစ်ဖြစ် စစ်ကောင်စီကျောင်းတွေမှာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိတယ်လို့ဆိုပါတယ်။

“လက်ရှိမှာလည်း ကျောင်းသားမိဘတွေထားနေကြတာပဲ။ စစ်ကောင်စီကျောင်းတွေမှာရော၊ ဘကကျောင်းတွေမှာရော ကျွန်တော်တို့ဘာမှပြောတာမရှိဘူး။ သူတို့ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေါ့ခင်ဗျား။ CDM ဆရာ၊ ဆရာမတွေရဲ့ သားသမီးတွေကိုယ်တိုင် အဲဒီကျောင်းတွေမှာထားနေတာရှိတယ်” လို့ သူကဆိုပါတယ်။

ဘကကျောင်းကိစ္စဦးဆောင်သူတွေကတော့ မြို့နယ်ပညာရေးဘုတ်အဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်မယ့်ကိစ္စကို တရားဝင်ကန့်ကွက်တာမျိုးမရှိပါဘူး။ ဒါပေမယ့် တော်လှန်ရေးထောက်ပို့အဖွဲ့ဝင်အချို့ကတော့ နောက်ကွယ်ကနေကျောင်းသားမိဘတွေကို ဖိအားပေးနေတာလို့ဆိုပါတယ်။

“ကိုယ့်ဘာသာလုပ်မယ်ဆိုပြီးလုပ်တော့လည်း နောက်ကွယ်ကနေကျောင်းသားမိဘတွေကို ရေဝင်အောင်လုပ်တယ်(ဒွိဟဖြစ်အောင်လုပ်တယ်)။ မိဘတွေကရေဝင်သွားတော့ ကြောက်ကုန်ကြတာပေါ့” လို့ ကိုတာကဆိုပါတယ်။

ဒါကြောင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေဖွင့်မှာကို မလိုလားရင် ဘာကြောင့်မလိုလားတာလဲဆိုတာကို တရားဝင်စာထုတ်ပြီး တားမြစ်ဖို့ ဦးဆောင်သူတွေက တောင်းဆိုကြပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဖွင့်မှာကို ကန့်ကွက်တားဆီးတာမရှိဘူးလို့ ပြောဆိုပေမယ့် မြေပြင်မှာတော့ ဘုတ်အဖွဲ့ဝင်တွေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ စစ်ကျွန်ပညာရေးဖြစ်လို့ အဲဒီကျောင်းတွေမှာ ကျောင်းထားတဲ့သူတွေဟာ စစ်ကောင်စီကို အားပေးထောက်ခံရာရောက်တယ်လို့ ကျောင်းသားမိဘတွေကို ပြောဆိုတာတွေရှိနေပါတယ်။

“ဘကကျောင်းဆိုတာလည်း စစ်ကောင်စီကဖွင့်တဲ့ကျောင်းဖြစ်တယ်ပေါ့။ အခု(…..)ရွာမှာဖွင့်ထားတဲ့ကျောင်းလည်း သူတို့အချိန်မရွေးသွားပိတ်လို့ရတယ်။ ဒါပေမဲ့ကျောင်းသားတွေစာမသင်ရမှာစိုးလို့ မပိတ်ဘဲထားထားတာ အဲဒီလိုပြောတယ်” လို့ အစည်းအဝေးတက်တဲ့ ကျောင်းသားမိဘတစ်ဦးက ပြောဆိုပါတယ်။

ဒီလိုပြောဆိုမှုတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ဖိအားပေးပြီး လွတ်လပ်စွာပညာသင်ကြားခွင့်ကို နှောက်ယှက်နေတာ ဖြစ်တယ်လို့ ကိုမင်းလွင်ဦးက ထောက်ပြပါတယ်။

“ဥပဒေရူထောင့်ကပဲကြည့်ကြည့်၊ စံနှုန်းတန်ဖိုးအရပဲကြည့်ကြည့်၊ အခွင့်အရေးရှုထောင့်ကပဲကြည့်ကြည့် ဘယ်လိုနည်းနဲ့မှ ဘကကျောင်းတွေကို ပိတ်ခွင့်မရှိဘူး” လို့ ကိုမင်းလွင်ဦးကဆိုပါတယ်။

တစ်ချိန်က ဆန္ဒပြပွဲတွေမှာ ကျောင်းမတက်နဲ့ရုန်းထွက်ကြဖို့၊ စစ်ကျွန်ပညာရေးအားမပေးဖို့ ဆော်သြခဲ့တဲ့သူတွေကပဲ လက်ရှိမှာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ဘကကျောင်းတွေဖွင့်ဖို့ ပြောလာကြတာလို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက ပြောဆိုပါတယ်။

အတ္တလောင်းရိပ်မိပန်းကလေးများ

ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အရ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် တိုင်းဟာ အသက်ရှင်သန်ရပ်တည်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်ဆိုပြီး အခွင့်အရေးလေးမျိုး ဖော်ပြထားပါတယ်။

အဲဒီအခွင့်အရေးလေးမျိုးအနက် ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လွတ်လပ်စွာပညာသင်ကြားခွင့်ဆိုတဲ့အချက် ပါဝင်ပါတယ်။

Save The Children အဖွဲ့ကလည်း မြန်မာနိုင်ငံက ကလေးတွေဟာ နေထိုင်ရေး၊ ပညာသင်ကြားရေး၊ အသက်ရှင်သန်ရေး တွေမှာ သင့်တင့်တဲ့ဝန်ဆောင်မှုတွေ မရတာကြောင့် ဒုက္ခရောက်နိုင်ခြေများနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံမှန်ဆိုရင် ၅ တန်းကိုရောက်နေရမယ့် အသက် ၁၁ နှစ်အရွယ် ဒေါ်ထွေးရီရဲ့သားအငယ်က တစ်တန်းပဲရှိသေးသလို ၈ တန်း တက်နေရမယ့် အသက် ၁၃ နှစ်အရွယ်တစ်ယောက်ကလည်း အခုမှ သုံးတန်းပဲရှိသေးတာပါ။

နိုင်ငံရေးအတ္တလောင်းရိပ်ကြား ဒေါ်ထွေးရီရဲ့ ကလေးနှစ်ယောက်ရဲ့ပညာရေးလည်း ရှင်သန်ကြီးထွားခွင့်မရှိဖြစ်နေပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဦးဆောင်သူ ကိုမင်းလွင်ဦးကတော့ ကလေးတွေရဲ့ လွတ်လပ်စွာပညာသင်ကြားခွင့် အခွင့်အရေးကို နိုင်ငံရေးအရောင်တွေမဆိုးကြဖို့ အခုလိုပဲတိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အတ္တတွေကိုဘေးချိတ်ထားဖို့လိုမယ်ဗျာ။ ကလေးတွေကို အရောင်မပါတဲ့မျက်လုံးတွေနဲ့ ကြည့်ဖို့လိုတယ်”

မှတ်ချက် – လုံခြုံရေးအခြေအနေကြောင့် တည်နေရာများကို ချန်လှပ်ထားခဲ့ပါသည်။