BREAKING
December 30, 2024

စစ်ကောင်စီစစ်ကြောင်းက ဖမ်းသွားသည့် ခေါင်ပြန်ရွာသားတစ်ဦး အလောင်းပြန်တွေ့

July 4, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုမှ ရေနက်ဆိပ်ကမ်းဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားသူ ရှစ်ဦးအနက် ခေါင်ပြန်ရွာက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ရွာသားများက ပြောသည်။

ခေါင်ပြန်ရွာသား အသက် ၄ဝ ဝန်းကျင်အရွယ် ကိုနိုင်နိုင်ဆိုသူ၏ ရုပ်အလောင်းကို ဇူလိုင်လ ၃ရက် နေ့လယ်ပိုင်းက ခေါင်ပြန်ရွာသုသာန်ဟောင်းအနီး ရေချောင်းအတွင်း ပြန်တွေ့ကြောင်း ရွာသားတို့က ဆိုသည်။

ဝမ်းဗိုက်၌ ကန့်လန့်ဖြတ်ဒဏ်ရာတစ်ချက်၊ နဖူးကွဲ ဒဏ်ရာနှင့် မျက်နှာဖူးယောင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။

ရေမျောလာစဉ် ခေါင်ပြန်ရွာသုသာန်ဟောင်းအနီးရှိချောင်းတွင် အလောင်း၏ဘောင်းဘီနှင့် သစ်ကိုင်းချိတ်၍ ဆက်မျောမပါဘဲ တင်ကျန်နေခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ကိုနိုင်နိုင်သည် စစ်ကောင်စီစစ်ကြောင်းထိုးနေသဖြင့် ပုန်းအောင်းနေရာမှ ဇူလိုင် ၁ ရက် ညနေတွင် မွေးမြူရေးခြံသို့ ခေတ္တပြန်၍ ဝက်စာသွားကျွေးစဉ် အခြားရွာသား ခုနစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အလောင်းကတော့ ရွာသားတွေပဲ ဆွဲတင်ပြီး ရွာထဲ မဝင်ရဲလို့ သင်္ချိုင်းတောင်ယူမသွားရဘူး။ သဲသောင်ပြင်မှာပဲ မြှုပ်လိုက်ရတယ် ။ သူ့မိန်းမလည်း အလောင်းကို မတွေ့လိုက်ရဘူး။ အနံ့ကလည်းထွက်နေပြီ။ စစ်ကြောင်းကလည်း ဇာဒီမှာ ဆက်ရှိနေသေးတော့ ချက်ချင်းပဲ သင်္ဂြိုဟ်လိုက်ရတယ်” ဟု ကိုနိုင်နိုင်နှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

ကိုနိုင်နိုင်နှင့်အတူ ဖမ်းခေါ်ခံရသည့် ဇာဒီရွာမှ အမျိုးသားတစ်ဦး၊ မိသားစုဝင်သုံးဦး၊ ခေါင်ပြန်ရွာမှ ဇနီးမောင်နှံနှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ခုနစ်ဦးတို့လည်း ခရင်းချောင်းရွာ၊ ဘုရားမော်အနီး ကျောက်ထုတ်လုပ်ကွက်ပတ်ဝန်းကျင်တွင် အသတ်ခံလိုက်ရပြီဟု သတင်းများထွက်ပေါ်နေကြောင်း ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။

“အလောင်းခုနစ်လောင်း တရုတ်ဆိုဒ် (ကျောက်ထုတ်လုပ်ကွက်) မှာ ရှိနေတယ်ပြောတယ်။ ဘယ်သူမှ သွားမကြည့်ရဲသေးဘူး” ဟု ၎င်းကဆက်ပြောသည်။

ယင်းရွာသားခုနစ်ဦး၏ နောက်ဆက်တွဲအခြေအနေအား Dawei Watch က ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။

စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရသူ ရှစ်ဦးသည် အသက် ၁၄ နှစ်အရွယ်မှ အသက် ၅ဝ ကျော်အရွယ်အထိ ပါဝင်သည်ဟု ရွာသားများထံက သိရသည်။

ဇွန်လ ၂၈ ရက်တွင် ခွေးမဖောရွာအဝင်လမ်း၌ ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီးနောက် ဇွန်လ ၂၉ ရက်ကစ၍ ဇာဒီကျေးရွာအုပ်စု ဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ရေဖြူမြို့ဘက်ကလာသည့် စစ်ကြောင်းတို့သည် ဇူလိုင်လ ၃ ရက်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသ ဘဝါရွာတွင် ပေါင်းဆုံကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းစစ်ကြောင်းသည် ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်စသည့်ရွာများတွင် လမ်းဘေးဝဲယာနေအိမ်များကို ဖောက်ထွင်း သွားခဲ့ပြီး ဇာဒီရွာအတွင်း၌လည်း နောက်ထပ် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ဆက်ရှိနေသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည် ။

ဇွန်လ ၂၃ ရက်စ၍ စစ်ကောင်စီလက်နက်ကြီးဆက်တိုက်ပစ်ခတ်ကတည်းက ဇာဒီအုပ်စုက ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ဆယ်ရက်ကျော်လာပြီဖြစ်ပြီး ရိက္ခာအခက်အခဲလည်းရှိလာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ရွာသားများထံမှ သိရသည်။