BREAKING
February 28, 2025

မော်တုန်းရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး ရွာသားခြောက်ဦးဒဏ်ရာရ

July 4, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တနင်္သာရီမြို့နယ် မော်တုန်းအနောက်ကမ်းနေ ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရပြီး အချို့ဆေးရုံပို့ဆောင်ထားရကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က မော်တုန်းအနောက်ကမ်းကျေးရွာသို့ လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။

“တံတားဆိုဒ်မှာ လုပ်နေတဲ့ အလုပ်သမား လေးယောက်နဲ့ လူပျိုကြီးသားအမိတို့ ထိတယ်။ အမျိုးသမီကြီးမှာက ရင်ဘတ်အပါအဝင် သုံးနေရာထိပြီး ဒီမနက်က ဆေးရုံတင်ထားတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့ ပြောတယ်” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

အလုပ်သမားလေးဦးမှာ အရှေ့ကမ်းရွာသားများဖြစ်ပြီး အနောက်ကမ်းရွာတွင် အလုပ်လာလုပ်နေသူများဖြစ်ကာ ဒဏ်ရာ မစိုးရိမ်ရဟု ဒေသခံများက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မော်တုန်းရွာအနောက်ကမ်းရော အရှေ့ကမ်းရွာပါ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဘာတိုက်ပွဲမှလည်း မရှိပဲ။ ခဏခဏပစ်ခံထိနေတာက အဆိုးဆုံးပဲ” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင်တော့ ရွာသားများ ရွာထဲမနေရဲကြတော့ပဲ ရွာအပြင်ရှိ လယ်တောတွင် တဲထိုးကာ သွားရောက်နေထိုင်နေရကြောင်း ဒေသခံများ ကပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မော်တုန်းအနောက်ကမ်းရွာသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၇ ဦး ဒဏ်ရာရခဲ့သေးသည်။

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ၊ ပဝရွာနှင့် လယ်သစ်ရွာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားသည်ဟု ယူဆချက်ဖြင့် စစ်ကောင်စီက လက်နက်ကြီးဖြင့် မကြာမကြာပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။