ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO တပ်ရင်း (၇) တပ်ခွဲ (၅) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း Palaw K-PDF က ထုတ်ပြန်ကြေညာသည်။
ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တရားဝင်ပြောင်းလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်၍ မိဘပြည်သူများကို အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့သော် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလည်းဖွဲ့စည်းခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသလို Dawei Watch ၏ ဆက်သွယ် မေးမြန်းမှုကိုလည်း လတ်တလောတွင် ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။
ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF ကို KNU/KNDO တပ်၏ ဗိုလ်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ်ရှိ အဖူးစောကပေါ့ ခေါ် ဗိုလ်ခေါင်းဖြူက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းပြီးနောက် ပုလောဒေသအတွင်း စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။
