သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးညိုစိုးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။
ဇူလိုင်လ ၃ ရက် ညနေ ၄ နာရီဝန်းကျင်တွင် အမည်မသိသေနတ်သမားတို့က ဦးညိုစိုး၏ နေအိမ်တွင် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဦးညိုစိုးမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကဇိကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
၎င်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို လတ်တလော မသိရသေးပေ။
စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရန်ချယ်နယ်တို့တွင်မူ ဦးညိုစိုးအား ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားကြောင်း ရေးသားနေကြသည်။
“ကျွန်မတို့လည်း ဘယ်သူလုပ်တယ်ဆိုတာမသိဘူး။ သေနတ်သံတော့ သုံးလေးချက်ကြား လိုက်တယ်။ ပြီးမှ သူတို့ဆွေမျိူးတွေ ပြေးနေလွှားနေကြတာမြင်ရတာပဲရှိတယ်။ အဲဒါမှ ဦးညိုစိုးသေတယ်ဆိုတာသိတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။
သေဆုံးသူ၏အလောင်းအား ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် နေအိမ်ပြန်သယ်လာကာ ယနေ့အသုဘအခမ်းအနားပြုလုပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။