BREAKING
January 17, 2025

ထားဝယ်အရှေ့တော သင်္ကန်းတုံးရွာက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းအချို့ပါသွားဟုဆို

July 4, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် ဥဩစစ်ကြောင်းက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်အချို့ စစ်ကောင်စီတပ်က သိမ်းယူသွားကြောင်း ယင်းစစ်ကြောင်းအပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့အချို့နှင့် ‌ဒေသခံသတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်အရသိရသည်။

သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။

ဥဩစစ်ကြောင်း၏ PDF ရှေ့တန်းတပ်ဖွဲ့၏ ကိုယ်ပိုင်ထုတ်လုပ်ထားသော လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရကြောင်း ဥဩစစ်ကြောင်းက တာဝန်ရှိသူ ကိုရောင်နီက အတည်ပြုပြောဆိုသည်။

ဥဩစစ်ကြောင်းက ရဲဘော်နှစ်ဦးဒဏ်ရာရပြီး နှစ်ဦးပျောက်ဆုံးနေသည်ဟု ဒေသခံအချို့နှင့် ကာကွယ်ရေးတပ်ဖွဲ့အချို့၏ ပြောဆိုချက်များအရ သိရသည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့စစ်ကြောင်းက ရဲဘော်တော်တော်များများကို ပြန်တွေ့ပြီ။ စစ်ကြောင်းပြန်ရသွားပြီ။ (မစိုးရိမ်ရ) ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ဆေးကုသမှုခံယူနေတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ဆိုသည်။

ကျဆုံးမှု ရှိမရှိနှင့် လက်နက်ခဲယမ်းမည်မျှ ပါသွားသည်ဆိုသည့် အချက်အလက်တို့မှာ ရဲဘော်အချို့နှင့် အဆက်အသွယ် မရသေးသဖြင့် တိတိကျကျ မသိရသေးကြောင်း ကိုရောင်နီက ပြောသည်။

ဟိန္ဒားသတ္တုမိုင်းနှင့် ဖောင်းတောရေအားလျှပ်စစ်ကို သွားကြည့်ပြီးပြန်လာသည့် ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၊ စစ်ကောင်စီတပ်၏ ရိက္ခာပို့ပြီး ပြန်လာသည့် ယာဉ်တန်းကို သရက်ငုတ်ရွာနှင့် လိပ်ကြယ်ပြောင်ရွာကြားတွင် ဇွန် ၂၈ ရက်က ဥဩစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများနှင့် ရိက္ခာပို့ယာဉ်တန်း ၁၆ စီးက ထားဝယ်ဘက်ကို ပြန်သွားသော်လည်း လိပ်ကြယ် ပြောင်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ ကျန်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ရွာ‌သားတွေရဲ့ဖုန်းတွေလည်း (စကစ) သိမ်း၊ ဘုန်းကြီးဖုန်းကိုလည်းသိမ်း၊ ရွာသားတွေကို လူသားဒိုင်းပုံစံမျိုးခေါ်ပြီး ထိန်းသိမ်းထားတာ” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန်လ ၃၀ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က PDF များ၏ သတင်းအချက်အလက်များကို မေးမြန်းထောက်လှမ်းတာတွေရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ယင်းနောက် ဇူလိုင်လ ၁ ရက်နေ့တွင် ၎င်းတို့စစ်ကြောင်း ထားဝယ်ကိုပြန်တော့မည်ဟု ရွာသားများကိုပြောဆိုကာ တောလမ်းအတိုင်းထွက်သွား ဟန်ပြခဲ့ပြီး ဇွန်လ ၂ ရက် နံနက် ၉ နာရီခန့်တွင် သင်္ကန်းတုံးရွာသို့ ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး အဖွဲ့အချို့နှင့် ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲများကြောင့် သင်္ကန်းတုံးရွာဒေသခံများ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်သည်။

ဟိန္ဒားသတ္တုမိုင်းနှင့် ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုလာကြည့်သည့် စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၁၆ ရက်၌ သင်္ကန်းတုံးရွာတွင် တကြိမ်၊ ဇွန်လ ၁၇ ရက်က ဝကုန်းရွာတွင် တကြိမ်၊ ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဖောင်းတောရွာ‌ ရေအားလျှပ်စစ်စီမံကိန်းစက်ရုံကို မရောက်ခင် မိုင် ၄၀ အနီးနှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ဆယ်ဦးကျော် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း (၁) – T1 က PDF နှစ်ဦး ကျဆုံးကြောင်း အဆိုပါတပ်ရင်း (၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။