ထိုင်းလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အနိုင်ရပါတီဖြစ်သော Move Forward ပါတီနှင့် မဟာမိတ်ပါတီများက ထိုင်းတောင်ပိုင်းအခြေစိုက်ထားသော Prachachart ပါတီခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးကို သဘောတူရွေးချယ်ခဲ့ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်းပါတီဖြစ်သော Prachachart ပါတီခေါင်းဆောင် Wan Mohamad Noor Matha ကို လွှတ်တောင်ဥက္ကဋ္ဌအနေဖြင့် Move Forward ပါတီဦးဆောင်ထားသော ညွန့်ပေါင်းပါတီ ၈ ပါတီက ရွေးချယ်လိုက်ခြင်းဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ညွန့်ပေါင်းပါတီကြီးများဖြစ်သော Move Forward ပါတီနှင့် Pheu Thai ပါတီနှစ်ပါတီ အချေအတင်ဖြစ်မှု အဆုံးသတ်အဖြေရှာသည့်အနေဖြင့် ၎င်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ရွေးချယ်ခံရသော Wan Noor ကို ညွန့်ပေါင်းပါတီ ၈ ပါတီစလုံးက သဘောတူခဲ့ကြောင်း သိရသည်။
လွှတ်တော် ဒုဥက္ကဋ္ဌနေရာများအတွက် Move Forward ပါတီက တစ်နေရာနှင့် Pheu Thai ပါတီက တစ်နေရာစီ ရယူထားကြောင်း သိရသည်။
အသက် ၇၉ နှစ်အရွယ်ရှိ Wan Noor သည် လွှတ်တော်ဥက္ကဋ္ဌနေရာကို ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ လုပ်ခဲ့ဖူးသူဖြစ်ပြီး အမတ်နေရာအတွက် ၉ ကြိမ်မြောက်ရွေးချယ်ခံရသူဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ Wahdah အုပ်စု၏ မွတ်စလင်နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုအဖွဲ့က ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
ချူလာလောင်ကောင် တက္ကသိုလ်က ပညာရေးဘွဲ့နှင့် ပညာရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရယူထားသူဖြစ်ပြီး Songkhla Rajabhat University နှင့် Thaksin University များတွင် တက္ကသိုလ်ကထိက လုပ်ခဲ့ဖူးသူဖြစ်သည်။
ထိုင်းလွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ထိုင်းဘုရင်နှင့် မိဖုရားကြီးက ဦးစီးဖွင့်လှစ်ပေးခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌနေရာကို ယနေ့ (ဇူလိုင် ၄)တွင် လွှတ်တော်အတွင်း မဲပေးရွေးချယ်နေပြီဖြစ်သည်။
Ref: The Nation Thailand, Thai PBS