မြိတ်မြို့ မြစ်ငယ်ရပ်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဖုန်းလုယက်ခံရပြီး ဓားဖြင့်လည်း အထိုးခံရသဖြင့် အမျိုးသားဖြစ်သူ သေဆုံးကြောင်း ယင်းရေကန်ဘောင်အနီး နေထိုင်သူတို့က ပြောသည်။
ချိန်းတွေ့နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် သမီးရည်းစားစုံတွဲထံသို့ လူငယ်အမျိုးသားလေးဦးခန့် ရောက်ရှိလာပြီး ဖုန်းနှင့် ပါလာသည့် တန်ဖိုးရှိအစ္စည်းများပေးရန် ဓားဖြင့် ခြိမ်းခြောက်တောင်းဆိုကြောင်း ၎င်းတို့က ဆိုသည်။
“ကောင်လေးက ပြန်ခုခံလို့ အထိုးခံလိုက်တာလို့ ကြားရတယ်” ဟု ရေကန်ဘောင်အနီးနေသူတစ်ဦးက ပြောဆိုသည်။
ဓားဖြင့် ဆယ်ချက်ကျော် အထိုးခံလိုက်ရသဖြင့် ဆေးရုံသွားသည့် လမ်းခရီးတွင်ပင် သေဆုံးသွားကြောင်း
နာရေးကူညီမှုအသင်း တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ ရေကန်ဘောင်ပတ်လမ်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ ရှိကြပြီး ညဘက်အချိန်တို့တွင် သမီးရည်းစားတို့ ချိန်းတွေ့လေ့ရှိကြကြောင်း ရေကန်ဘောင်အနီး နေသူတို့မှ သိရသည်။

ရေကန်ဘောင်ပတ်လမ်းတစ်လျှောက်တွင် ညဘက်အချိန်တို့၌ ဖုန်းလုခြင်း၊ လက်ကိုင်အိတ်လုခြင်းတို့ မကြာမကြာဖြစ်ပေါ်လေ့ ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။
“လုခံထိနေတာ ခဏခဏပဲ။ တော်ကြာ ဖုန်းလုခံထိပြီ။ တော်ကြာ ဆွဲကြိုးလုခံထိပြီ ကြားနေရတာ။ အတွဲတွေမှာပဲ အလုများတယ်” ဟု ရေကန်ဘောင်အနီး မြစ်ငယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်တွင် ဖုန်းလုခြင်း၊ ဆိုင်ကယ်အခိုးခံရခြင်း၊ နေအိမ်နှင့် ဆိုင်တို့၌ နေ့ခင်းဘက် လူလစ်သည့် အချိန်တို့တွင် တန်ဖိုးရှိပစ္စည်းများ ဝင်ခိုးခြင်း စသဖြင့် ခိုးဆိုးလုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေကြောင်း မြို့ခံတချို့က ဆိုသည်။