BREAKING
December 24, 2024

အလုပ်ထုတ်ခံရသည့် စိုက်ပျိုးရေး ဝန်ထမ်းများထံမှ လျော်ကြေးတောင်း

July 4, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခြင်းကြောင့် အလုပ်ထုတ်ခံရသည့် တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများထံမှ ‌တစ်ဦးလျှင် ဆယ်သိန်းကျပ် လျော်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။

ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်မည်ဟု စာချုပ်ချုပ်ဆိုထားပြီး သတ်မှတ်ကာလ မပြည့်ခင် အလုပ်ထွက်လိုက်သဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ လျော်ကြေးတောင်းခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနတွင် CDM လုပ်သူ ဝန်ထမ်း ၁၆၀ ကျော် အလုပ်ထုတ်ခံရပြီး လျော်ကြေးပေးရမည့်သူမှာ ၃၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။

လျော်ကြေးငွေမှာ ရာထူးအလိုက် အနည်းအများကွာခြားမှုရှိပြီး အနိမ့်ဆုံး ဆယ်သိန်းကျပ်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်ယင်းလျော်ကြေးအပြင် နှစ်လစာချေးငွေလည်း ပြန်ဆပ်ရန်ရမည်ဟု အကြောင်းကြားထားကြောင်း ဆိုသည်။ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတို့ဘက်ကမူ လျော်ကြေးငွေနှင့် နှစ်လစာချေးငွေများကို ပြန်ပေးမည်မဟုတ်ဟု ပြောဆိုကြသည်။

“ချေးငွေကို သူတို့လက်ထက်မှယူထားတာမဟုတ်လို့ ပြန်မဆပ်ဘူး။ အလုပ်ထွက်တာကလည်း ကိုယ့်သဘောနဲ့ကိုယ် ထွက်တာမဟုတ်ဘူး။ သူတို့က ထုတ်ပစ်တာဆိုတော့ လျော်ကြေးလဲ ပြန်မဆပ်နိုင်ဘူး” ဟု အလုပ်ထုတ်ခံရသူ တစ်ဦးက ဆိုသည်။

သက်ဆိုင်ရာဌာနကမူ ချေးငွေနှင့် လျော်ကြေး‌ငွေကို ပြန်မဆပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဟု ထုတ်ပြန်ထားသည်။ အခြားဌာနအချို့တွင်လည်း သတ်မှတ်ကာလမပြည့် အလုပ်ထုတ်ခံရသည့်ဝန်ထမ်းများထံ လျော်ကြေးငွေတောင်းခံလျက်ရှိသည်။ လျော်ကြေးငွေမှာ ဌာနတစ်ခုနှင့်တစ်ခု မတူညီကြပေ။