စစ်ကောင်စီက နာမည်ကြီး ပြည်တွင်းရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးခြင်း၊ ဝရမ်းထုတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ထားဝယ်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။
ဒေါ်လာငွေလဲနှုန်း ဆက်တိုက်တက်လာပြီး ပြည်တွင်းရွှေဈေးတက်လာချိန်တွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖမ်းဆီးပြီး နောက်ထပ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဝိသမလောဘသားများက ပြင်ပဈေးကွက်တွင် အရောင်းအဝယ်တစ်ကယ်မလုပ်သည့် လေပတ်ကားဈေးနှုန်းကို လူမှုကွန်ရက်ကတစ်ဆင့် ဝါဒဖြန့်ဈေးကစားပြီး နိုင်ငံစီးပွားရေး မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။
ထိုသို့အဖမ်းအဆီးများရှိနေသည့်အတွက် ထားဝယ်မြို့ရှိ ရွှေဆိုင်များလည်း စိုးရိမ်လာပြီး ဇွန်လ ၃ ရက်(မနေ့)တွင် အခေါက်ရွှေအရောင်းအဝယ် ရပ်ထားပြီး ၁၃ ပဲရည်၊ ၁၄ ပဲရည် အစရှိသည့် ရွှေအထည်များကိုသာ အရောင်းအဝယ်လုပ်နေကြကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ထားဝယ်က ရွှေဆိုင်တွေကိုလည်း ရန်ကုန်လို ရှောင်တခင်ဈေးဝင်မေးပြီး ဖမ်းမယ့်အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။
အဖမ်းအဆီးများရှိနေသည့် အခြေအနေတွင် ဇွန်လ ၃ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅၁ သိန်း ဈေးဖွင့်ထားသည်။
ပြည်တွင်းရွှေဈေးမှာ အမေရိကန်ဒေါ်လာငွေလဲနှုန်း တက်သွားသည့်အတွက် တက်သွားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ကြောင်း အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
“ဒါကတော့ ဆေးမြီးတိုနည်းနဲ့ ဖြေရှင်းတဲ့သဘောပေါ့ရှင်။ ရွှေဈေးတက်တာက ဒေါ်လာဈေးတက်လွန်းလို့တက်တာ ဆိုတော့ ဒေါ်လာဈေးကျအောင်လည်း စီမံနိုင်ဖို့ လိုတာပေါ့” ဟု ၎င်းက ပြောသည်။
ပြည်တွင်းရွှေဈေးကို တွက်ချက်ရာတွင် ကမ္ဘာ့ရွှေပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအပေါ် အခြေခံတွက်ချက် လေ့ရှိသည်။
ကမ္ဘာ့ရွှေပေါက်ဈေးကို အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့် မြှောက်ပြီး ၁ ဒဿမ ၈၇၅ ဖြင့် ပြန်စားခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ အကျဘက်တွင်ရှိနေပြီး တစ်ဒေါ်လာလျှင် ၄၂၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။
ပြီးခဲ့သည့် မေလ ၃၀ နေ့ကမူ တစ်ဒေါ်လာလျှင် ၄၇၅၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်နေရာ စစ်ကောင်စီက နိုင်ငံခြားငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများကိုလည်း ဖမ်းဆီးနေသည်။