BREAKING
January 19, 2025

ထိုင်းတွင် ကွန်ဒိုရောင်းဝယ်မှု လူလေးဦးဖမ်းဆီးခံရ၊ ပြည်ပဘဏ်စာရင်းဖွင့်ထားသူများကို အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

June 4, 2024

ပုံစာ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထပ်မြင့်အဆောက်အအုံများ။ ဓာတ်ပုံ – Bangkok Post

ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူသည်ဟုဆိုကာ လူလေးဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး မြန်မာဗဟိုဘဏ် ခွင့်ပြုချက် မရှိဘဲ ပြည်ပတွင် ဘဏ်အကောင့် ဖွင့်လှစ်ထားသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက မေလ ၃ရက်တွင် ထုတ်ပြန်သည်။

Minn Thu ကုမ္ပဏီသည် ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းများကို အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရောင်းချခဲ့ကြောင်း ဆိုသည်။ ယင်းသို့ရောင်းချရာတွင် သက်ဆိုင်ရာထံမှ ခွင့်မပြုချက် မယူဘဲ တရားမဝင် ရောင်းချခြင်း၊ တိုက်ခန်းဖိုး ငွေကြေးကို ဟွန်ဒီစနစ်ဖြင့် လွှဲပေးခဲ့ခြင်းတို့ကြောင်း အရေးယူခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကွန်ဒိုတိုက်ခန်းဝယ်ယူသူ သုံးဦးသည် ဗဟိုဘဏ် ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းဖြင့် ငွေပေးချေခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့ကြောင့် ကွန်ဒို တိုက်ခန်းဝယ်ယူသူ သုံးဦးနှင့် Minn Thu ကုမ္ပဏီသည် ဒါရိုက်တာတို့ကို ဖမ်းဆီးထားပြီး Minn Thu ကုမ္ပဏီ၏ အထွေထွေမန်နေဂျာမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများကို အွန်လိုင်းမှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် ကုမ္ပဏီများနှင့် ဝယ်ယူသူများကို စိစစ်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုသည်။

နိုင်ငံတော်၏ စီးပွားရေး၊ ငွေကြေးစျေးကွက် ကမောက်ကမ ဖြစ်စေရန် ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်းတွင် အရောင်းအဝယ် ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကမူ မြန်မာငွေတန်ဖိုးကျဆင်းခြင်း၏ အဓိက အကြောင်းအရင်းနှင့် အခြေခံအကျဆုံး အချက်မှာ စစ်ကောင်စီက ငွေစက္ကူသစ်များ ရိုက်နှက်ထုတ်ဝေနေခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

အာဏာသိမ်းကာလအတွင်း ငွေစက္ကူအသစ် ကျပ်ဘီလီယံ သုံးသောင်းနီးပါး ရိုက်ထုတ်ထားပြီး နောက်ထပ် ထုတ်ရန်လည်း ကုန်ကြမ်းများရောက်ရှိနေကြောင်း ဇွန်လ ၃ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုထားသည်။

မြန်မာငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း၊ ရွှေစျေး စသည်တို့ စျေးခုန်တက်သွားပြီးနောက် စစ်ကောင်စီက ငွေလဲလုပ်ငန်း လုပ်ကိုင်သူများ၊ ရွှေဆိုင်များကို လိုက်လံဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ဇွန်လ ၂ရက်ကလည်း ဇွဲထက်၊ အောင်သမာဓိ၊ ဝိန့်စိန် ရွှေဆိုင်အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေပွဲစား ၂၁ ဦးတို့ကို ဖမ်းဆီး ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁၀ဦးကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။