BREAKING
October 19, 2024

ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ကို မြန်မာတစ်ဦးက သတ်သည်ဟုဆို

June 4, 2024

ထိုင်းနိုင်ငံတောင်ပိုင်း တရတ်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇွန်လ ၃ ရက် နံနက်ပိုင်းက တရတ်ခရိုင် ယမ်းတားခေါင်ဒေသက အိမ်ကုန်စုံဆိုင်ထဲတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားသည် ကုန်စုံဆိုင်တွင် ဆန်ဝယ်သည့်အချိန် ဆိုင်ပိုင်ရှင်က ငွေတောင်းစဉ် ငွေမပေးနိုင်ရာမှ အချင်းများကြကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် မြန်မာနိုင်ငံသားတွင် ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင်ကို ထိုးခဲ့ပြီး ဆိုင်ပိုင်ရှင်၏ ခင်ပွန်းဖြစ်သူကလည်း ထိုးသွင်းဒဏ်ရာရရှိထားသဖြင့် ဆေးရုံတင်ထားရကြောင်း ထိုင်းသတင်းဌာနက ရေးသားထားသည်။

ဇနီးဖြစ်သူ ဓားဖြင့် အထိုးခံရပြီး အော်ငိုသံကြားရသဖြင့် ထွက်လာကြည့်ရာမှ မြန်မာနိုင်ငံသားနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၎င်းကိုယ်တိုင်ရောမြန်မာနိုင်ငံသားတွင်ပါ ဓားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်အမျိုးသားက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထား သည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသောအခါ ဆိုင်အတွင်း ထိုးသွင်းဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေသော ကုန်စုံဆိုင်ပိုင်ရှင်ကို တွေ့ရှိရပြီး ဒဏ်ရာရရှိထားသော ဆိုင်ရှင်၏ ခင်ပွန်းကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားသည် အခင်းဖြစ်ပြီးနောက် ဆိုင်ကယ်ဖြင့် နေထိုင်ရာတောထဲရှိ အိမ်တစ်ဆောင်ထဲသို့ ထွက်ပြေးသွားခဲ့သည် ကို CCTV မှတ်တမ်းများအရ တွေ့ရှိသဖြင့် မိနစ် ၃၀ အတွင်း လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားသည် အသက် ၂၂ နှစ်အရွယ်ရှိသူဖြစ်ပြီး မြဝတီလမ်းကြောင်းကတစ်ဆင့် ထိုင်းတောင်ပိုင်းသို့ တရားမဝင် ဝင်လာလာသည်မှာ တစ်ပတ်သာရှိသေးကာ မြန်မာမှတ်ပုံတင်မှလွဲ၍ မည်သည့်အထောက်အထားမျှ မရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားကလည်း ငွေကြေးမရှိ၊ ဗိုက်လည်း ဆာသဖြင့် စိတ်ဆိုးပြီး လူသတ်မှုဖြစ်သည်ကို ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လူသတ်မှုဖြစ်သော အကြောင်းအရင်းအသေးစိတ်ကိုမူ ရေးသားထားခြင်း မရှိပေ။

လက်ရှိတွင် လူသတ်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် မြန်မာနိုင်ငံသားကို အမှုဖွင့်အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Naewna, CH 7 News, Khaosod Online