BREAKING
January 9, 2025

ထားဝယ်မြို့ပေါ် စာသင်ကျောင်း ပေါက်ကွဲမှု ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရ

June 4, 2024

ပုံစာ - ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ကျောင်းသူတစ်ဦးကို ယနေ့ ဇွန်လ ၄ရက် နေ့လယ်ပိုင်းက ထားဝယ်ဆေးရုံသို သယ်ဆောင်လာစဉ်။

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင်ရှိသော အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်း က ပေါက်ကွဲမှုဖြစ်ရာ တတိယတန်းကျောင်သားတစ်ဦး သေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

နေ့လယ်ပိုင်း ထမင်းစားနားချိန် ကျောင်းသား အချို့သည် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ဟု ယူဆရသည့်အရာကို ဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ကျောင်းအနားကပဲ တွေ့လာတယ်လို့ပြောတယ်။ ကျောင်းဝရံတာ အင်္ဂတေ အခင်းပေါ် ကျပြီးပေါက်ကွဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သို့သော် Dawei Watch အနေဖြင့်မူ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၁၅ ဦး ဒဏ်ရာရရှိပြီး အသက် ၉ နှစ်အရွယ်ရှိ တတိယတန်းကျောင်း သား တစ်ဦး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ကလေးက မျက်နှာတွေ စုတ်ပြတ်ပြီး လက်တစ်ဖက် ပြတ်ထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် မူလတန်းကျောင်းသူတစ်ဦးမှာလည်း ဆီးအိမ် ထိခိုက်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် အရေးပေါ် ကြပ်မတ်ကုသနေရကြောင်း ဒေသခံများက ပြောဆိုသည်။

ဒဏ်ရာရရှိသည့် ကျောင်းသားကျောင်းသူများမှာ စစ်ကောင်စီတပ်ဆေးရုံနှင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း ဒဏ်ရာရကျောင်းသား၊ ကျောင်းသူ ၁၇ ဦးကို စစ်ကောင်စီတပ်ဆေးရုံ တင်ထားရပြီး ၅ ဦးကိုမူ ထားဝယ်ဆေးရုံးကြီးတွင်ကုသနေကြောင်း ပြောဆိုသည်။

ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကိုမူ စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်က ထားဝယ်မြို့အဝင်၌ရှိသော အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်များက လာရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်တိုက်ခိုက်မှုကြောင့် မပေါက်‌ကွဲဘဲ မြေကြီးထဲ စိုက်ဝင်နေသည့် လက်နက်ကြီးကျည်တစ်လုံးကိုမေလ ၁၆ရက်တွင် အိမ်ရှေ့ပြင်ရပ်ကွက်အတွင်း တွေ့ရှိခဲ့သေးသည်။

ယနေ့ ‌ပေါက်ကွဲမှုဖြစ်သည့် စာသင်ကျောင်းမှာလည်း ဂိတ်နှင့် မနီးမဝေးတွင်ရှိသောကြောင့် စစ်ကျန်လက်နက်ပစ္စည်း ဖြစ်နိုင်ကြောင်း ရပ်ကွက်၊ သူရပ်ကွက်သားများက ပြောဆိုနေကြသည်။

ဗုံးပေါက်ကွဲမှုဖြစ်သည့် စာသင်ကျောင်းနှင့် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်မှာ အနည်းငယ်သာ ကွာဝေးပြီး ယင်းစစ်ဆေးရေး ဂိတ်အနီးတွင် စစ်ကောင်စီတပ်ဆေးရုံရှိသည်။