BREAKING
January 9, 2025

တိုက်ပွဲဖြစ်ခဲ့သည့် ကနက်သီရိနှင့် ကျွဲမင်းကုန်းရွာတွင် ရုပ်အလောင်း ၁၀လောင်းတွေ့၊ အိမ် ၅၀ ကျော်မီးလောင်ပျက်စီး

June 4, 2024

တိုက်ပွဲများဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာနှင့် ကျွဲမင်းကုန်းရွာတွင် ရုပ်အလောင်း ၁၀လောင်း တွေ့ရှိပြီး နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

မေလ ၁၄ ရက်မှ ၂၀ ရက်အထိ ကနက်သီရီရွာတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာချိန် ကျွဲမင်းကုန်းရွာတွင်လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် မေလ ၂၇ ရက်နောက်ပိုင်းတွင် ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ရွာထဲသို့ ဝင်ရောက်ရှင်းလင်းရာ ကနက်သီရိကျေးရွာတွင် ရုပ်အလောင်း ရှစ်လောင်းတွေ့ရပြီး နေအိမ် ၄၈ လုံး မီးလောင် ပျက်စီးနေသည်ကိုတွေ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောဆိုသည်။

တိုက်ပွဲကာလ မေလ ၁၆ ရက်တွင် ဒေသခံတစ်ဦးသေဆုံးခဲ့သေးသဖြင့် ကနက်သီရိတွင် သေဆုံးသူ ကိုးဦးအထိ ရှိလာသည်။

ကျွဲမင်းကုန်းရွာတွင်လည်း ဒေသခံနှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကာ နေအိမ် ကိုးလုံးမီးလောင်ပျက်စီးကြောင်း ၎င်းတို့က ပြောသည်။

သေဆုံးသူများတွင် ကနက်သီရိကျေးရွာက အသက် ၆၀ ကျော်အရွယ် ဦးမောင်စိုး၊ အသက် ၅၀ ခန့်ရှိ ဦးလားဘုန်းကြီး၊ အသက် ၄၀ ကျော်အရွယ် ဦးအောင်နိုင်၊ အသက် ၄၇ နှစ်အရွယ် ဦးအောင်သန်းခိုင်နှင့် ကျွဲမင်းကုန်းရွာသား အသက် ၂၈ ဝန်းကျင်အရွယ် ကိုလားရှည်တို့ ငါးဦးကိုသာ အတည်ပြုနိုင်သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မီးလောင်ကျွမ်းနေသည့် ကျန်ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။

ကနက်သီရိကျေးရွာက ဦးစစ်ရှုပ်နှင့် ကျွဲမင်းကုန်းရွာက အသက် ၄၀ ကိုကျော်လွင် (ခေါ်) လားမိုးပြာကိုလည်း ယနေ့ ဇွန်လ ၄ရက်နေ့အထိ ပြန်လည် ရှာဖွေမတွေ့ရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

ဦးစစ်ရှုပ်၏ ဆိုင်ကယ်နှင့် အင်္ကျီအစ၊ လုံခြည်အစ များကို ကမ်းခြေတောစပ်တွင် ပြန်တွေ့ရှိသဖြင့် သေဆုံးသွားပြီဟု ဒေသခံ များက ယူဆထားပြီး ကိုလားမိုးပြာ သည်လည်း မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းထဲက ပါဝင်နိုင်သည်ဟု ယူဆနေကြ ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“တချို့ကလည်း အရိုးပဲကျန်ပြီ၊ ခွေးတွေဘာတွေစားထားတာပေါ့” ဟု ကနက်သီရိကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ နှစ်ဖက်တိုက်ပွဲအတွင်း ရွာထဲပိတ်မိနေသူအချို့နှင့် နေအိမ်ပြန်ပြီး ပစ္စည်းလာယူစဉ် စစ်ကောင်စီတပ်နှင့် တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများဖြစ်ကြောင်း ဒေသခံအချို့နှင့် ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ဆိုသည်။

“စကစနဲ့ တိုးပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာလည်း ရှိတယ်။ ဘယ်လိုပုံစံနဲ့ သတ်မှန်းတော့မသိဘူး။ သတ်ပြီး မီးရှို့ထားတာတွေ လည်း ရှိတယ်။ တချို့အလောင်းတွေက အားလုံးလောင်တာလည်းရှိတယ်။ မလောင်တာလည်းရှိတယ်။ နယ်မြေရှင်းလင်းရေး လုပ်ချိန် ရွာက လူငယ်ခေါင်းဆောင်တွေ အတည်ပြုတာက ၈ လောင်းသည် သူတို့ရွာက လူတွေ အလောင်းပေါ့နော်၊ အဲဒီလို ပြောတာရှိတယ်၊ ကျန်တာ (လေးဦးက) မသေချာတဲ့ အလောင်းတွေလည်း ရှိတယ်။ အဲဒီအလောင်းတွေကတော့ ကျွန်တော်တို့ ယူဆတာက စစ်ကောင်စီတပ်သားတွေကျတဲ့ အလောင်းတွေလို့ ယူဆတယ်” ဟု ကိုမင်းထက်က ပြောသည်။

အချို့မှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မေလ ၈ ရက်တွင် ပြည်ထောင်စုလမ်းပေါ်က ပဲဒက်စခန်းသိမ်းပိုက်ခံရပြီးနောက် ကနက်သီရီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲသဖြင့် အသက် ၁၃ နှစ် ကလေး နှစ်ဦးနှင့် အမျိုးသားသုံးဦးလည်း သေဆုံးခဲ့သေးသည်။

ယင်းအပြင် မေလ ၁၄ရက်မှ ၂၀ ရက်အထိ တိုက်ပွဲကာလတွင် ဂုံညှင်းဆိပ်ရွာက အသက် ၁၅ နှစ်ရှိ ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့သေးသည်။