ပျက်နေသည့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ၅ လုံးအနက် တစ်လုံးသာပြုပြင်ပြီးသေးကြောင်း ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီက Petro&Trans က ယနေ့(မေ ၄)ထုတ်ပြန်သည်။
ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်နေသည်မှာ တစ်လဝန်းကျင်ရှိနေပြီဖြစ်သည်။
ယင်းတစ်လဝန်းကျင်အတွင်း ပျက်သွားသည့် စက်ငါးလုံးအနက် တစ်လုံးပြုပြင်းပြီးပြီဖြစ်သောကြောင့် တပ်ဆင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန် ၄ လုံးကိုမူ ဆက်လက်ပြုပြင်နေဆဲဖြစ်ပြီး မည်သည့်အချိန်ပြီးမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
Petro & Trans ကုမ္ပဏီသည် သဘာဝဓာတ်ငွေ့သုံး ၂ မဂ္ဂဝပ်အင်ဂျင် ၉ လုံး၊ ၁ ဒဿမ ၃ မဂ္ဂဝပ်အင်ဂျင် ၂ လုံး၊ ၆၅၀ ကီလိုဝပ် ဒီဇယ်အင်ဂျင် ၆ လုံးတို့ဖြင့် ထားဝယ်ခရိုင်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေခြင်းဖြစ်သည်။
ယခုနွေရာသီတွင် ရာသီဥတုအလွန်ပူပြင်းသဖြင့် ဓာတ်အားသုံးစွဲနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း ဆိုသည်။






ဓာတ်အားသုံးစွဲမှုမြင့်တက်လာသဖြင့် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များဖြင့် ၂၄ နာရီပတ်လုံးလည်ပတ်နေရသောကြောင့် သဘာဝဓါတ်ငွေ့သုံးအင်ဂျင် ၅ လုံးမှာ ဒိုင်နမို အပူလွန်ကဲပြီး စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။
ယင်းအတွက်အကြောင့် အရေးပေါ်ရပ်နားပြီး စက်ပြုပြင်နေခြင်းဖြစ်သည်။
ထိုအချိန်မှစပြီး ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်လျက်ရှိနေသည်မှာ တစ်လဝန်းကျင်ရှိနေဖြစ်သည်။
ထိုတစ်လဝန်းကျင်အတွင်း ထားဝယ်ခရိုင်သို့ ဓာတ်အားအလှည့်ကျ ဖြန့်ဖြူးပေးမည့် ဇယားထုတ်ပြန်ထားသော်လည်း ဇယားအတိုင်းဖြန့်ဖြူးနိုင်ခြင်းမရှိသဖြင့် ကုမ္ပဏီမှာ ဝေဖန်ခံနေရသည်။