BREAKING
September 16, 2024

PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်

May 4, 2022

ပုံစာ - ၂ လခွဲဖြင့် သင်တန်းဆင်းလာသည့် PPTT သင်တန်းဆင်းများ

ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ၂ လခွဲကျော် သင်တန်းပေးပြီးနောက် အောင်မြင်သူများကို မေလ ၂ ရက်နေ့မှစ၍ လက်ထောက်မူလတန်းပြများ အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။

ယင်းသင်တန်းဆင်းများကို အခြေခံပညာကျောင်းများသို့ မေလ ၂ ရက်နေ့တွင် စတင်ခန့်ထားရာ ထားဝယ်ပညာရေးကောလိပ်မှ အောင်မြင်သူ ၁၀၆ ဦးပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။

(PPTT) အပတ်စဉ် (၇/၂၀)ကို ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် အောင်စာရင်းထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် တက်ရောက်နိုင်ရန် စီစဉ်ထားသော်လည်း ကိုဗစ်ကာလအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

မူလတန်းပြဆရာဆရာမ လိုအပ်ချက်ကို ဖြည့်ဆည်းရန် စစ်ကောင်စီမှ ပြီးခဲ့သောနှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ဝင်ခွင့်အောင်မြင်သူများမှာ တက်ရောက်မှုနည်းပါးခဲ့ပြီး ထားဝယ်တွင် ၁၀၆ ဦးသာတက်ရောက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီမှဖွင့်တဲ့သင်တန်းကို တက်မယ်ဆိုရင် အမည်ပျက်စာရင်းထဲ ပါနိုင်တဲ့အတွက်ကြောင့် မတက်ရောက်ခဲ့ဘူး” ဟု PPTT ဝင်ခွင့်အောင်မြင်ထားသော်လည်း တက်ရောက်ခြင်းမရှိသော ဘွဲ့ရတစ်ဦးကဆိုသည်။

စစ်ကောင်စီမှ အာဏာမသိမ်းခင်အချိန်တွင် တနင်္သာရီတိုင်း၌ အခြေခံပညာဆရာဆရာမ တစ်သောင်းငါးထောင်ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်တွင် CDM ပြုလုပ်သူ ဆရာ၊ဆရာမ ၇၀၀၀ ကျော်အထိရှိခဲ့သည်။