BREAKING
November 23, 2024

ကိုဗစ်-၁၉ နှင့် အသက်ရှုကျပ်လာသည့် ကျေးလက် လူနေမှုဟန်ပန်

May 4, 2020

အိမ်နီးနားချင်း အချင်းချင်း အကူး အလူး အဆက်အဆံပြု၍ မရသည့် အခြေအနေအောက်သို့ ရောက်ရှိနေသည့် အခါ ဘ၀တို့သည် အသက်ရှူကျပ်လာ ပေတော့သည်။

အထူးသဖြင့် အစိုးရဆိုသည်တို့နှင့် အဝေးဆုံးတွင် တည်ဆောက်ထားသည့် ရပ်ရွာအခြေပြု လူမှုအသိုင်းအဝိုင်းတို့ အနေနှင့် ၎င်းတို့ နှစ်ရာထောင်ချီ ထမ်းပိုး သယ်ရွက်လာခဲ့ကြသော အစဉ်အလာ လူနေမှုစနစ်သည် ကိုဗစ်-၁၉ ဟူသည့် တစ္ဆေ၏ ခြောက်လှန့်မှုကို ကြုံနေရ၏။

လက်ဆေးခြင်း၊ အိမ်ပြင် မထွက်ဘဲ သီးခြားနေထိုင်ခြင်း စသည့်နေထိုင်မှု ပုံစံသစ်သည် ယခုရက်များ အတွင်းတွင် ရုပ်မြင်သံကြားတို့မှ တစ်မျိုး၊ ရေဒီယိုတို့မှ တစ်နည်း၊ လူငယ်လူရွယ်တို့၏ လက်ကိုင် ဖုန်းများမှ တစ်ဖုံ၊ ရပ်ရွာလူကြီးတို့၏ လော်စပီကာမှထံမှ ဗလုံးဗထွေး ထွက် လာသည့် “စီအိုဗွီအိုင်ဒီနိုင်တီး သတိပေး ကြေညာခြင်း”ဆိုသည့် အော်သံမှ တစ်သွယ် ဖန်တရာတေအောင် ကြားသိနေ ရသည့်တိုင် ယင်းအတိုင်း ကျင့်ကြံ နေထိုင်ရန်မှာမူ အစဉ်အလာဓလေ့တို့ကို စွန့်လွှတ် ပစ်ရပေလိမ့်မည်။ ထိုသို့ စေခိုင်း ညွှန်ကြားချက်များကို နာယူ ကြရသည်မှာလည်း တုန်လှုပ်ဖွယ်ရာ ကောင်းလှပါသည်။

ကိုဗစ်-၁၉ ဆိုသည်မှာ အဘယ် နည်း ဟူ၍လည်း ရေရေရာရာ မသိရ။ ကူးတတ်သည်၊ သေတတ်သည် သို့မဟုတ် သေနေသူများ ရှိနေသည်။ ယင်းသို့ တိုတိုတုတ်တုတ်ကိုသာ နားလည် လက်ခံ နိုင်သည်။ အအိပ်အနေ ခက်ဖြစ်ရသည့် ကာလ အမှောင်ထုအတွင်း ရောက်ရှိနေ သည်ဟုသာ သူတို့အနေနှင့် ရိုးရိုးရှင်း ရှင်း သိမြင်လိုက်ကြသည်။ သည်ကာလ အမှောင်ထုကြီး၏ အလွန်ဆီသို့ ခေါင်း ပြူ၍ ကြည့်တတ်ကြသေးသည်။ သို့သော် မှောင်မှောင်မည်းမည်းထဲတွင် မည်သည် ကိုမျှ သဲသဲကွဲကွဲ မြင်နိုင်ကြ။ မည်သည် တို့ ဖြစ်လာဦးမည်နည်း၊ မည်မျှ ကြာရှည်ဦးမည်နည်း။

ထို့သို့သော မရေမရာမှုများ၊ မသိ မှုများ ရှိနေသည့်အခါ မည်သို့ ရင်ဆိုင် ကြမည်၊ တုံ့ပြန်ကြမည် ဆိုသည်တို့နှင့် ပတ်သက်၍လည်း ဝေဝါးရပြန်သည်။ စားပွဲပေါ်တွင် အစီအစဉ်တို့ ရေးခြစ် ကြသော်လည်း တစ်ခုနှင့် တစ်ခုသည် ညီညီညာညာ မရှိကြ။

အိမ်အချို့သည် သူတို့၏ ဆင်ခြင် တုံတရားကို ရှေ့သို့ ခပ်ဝေးဝေး ပို့ဆောင် ကာ အိမ်တံခါးတို့အား ပိတ်လိုက်ကြကာ ရပ်ကွက်နှင့် ခပ်စိမ်းစိမ်း နေလိုက်ကြ၏။ သူ့အိမ်သို့ ရေခပ် မလာတော့ရန် ကြေညာချက် ထုတ်ပြန်လိုက်သည့်အခါ သူ့ရေတွင်းအား မှီခိုနေရသူတို့အတွက် အကျပ်ဆိုက်ရတော့သည်။

တစ်ဦး၏ ဒုက္ခကို တစ်ဦးက ဖေးမ၊ တစ်ဦး၏လိုအင်ကို တစ်ဦးက ဖြည့်ဆည်း ကာ အပြန်အလှန် ထိန်းကျောင်းမှုဖြင့် တည်ဆောက်ထားသည့် အသိုက်အမြုံ သည် ထိုသို့ သစ်စိမ်းချိုး ပြုမူရန်မှာ လွယ်ကူလှသည် မဟုတ်ပါ။ ကွင်းဆက် များ ပြုတ်ထွက်သွားသော သံကြိုး တစ်ကြိုးသည် မည်သို့ ရှိမည်နည်း။

ရောဂါသည် သည်အရပ်ဒေသတွင် သန္ဓေတည် ပေါက်ဖွားခြင်းမဟုတ်။ အဝေးဆီမှ ပြန်လာသူတို့က သယ်ဆောင် လာခြင်းကြောင့် ဖြစ်ရသည်။ ထိုသတင်း စကားကိုမူ အားလုံးက သိရှိ လက်ခံထား ပြီး ဖြစ်သည်။ ပထမတွင် နိုင်ငံရပ်ခြား ပြည်ပမှ ပြန်လာသူ ပြည်တော်ပြန်များကို မျက်စိ ကျကြသည်။ ရောဂါ၏ ဇာစ်မြစ် သည် ထိုသူတို့ ဖြစ်၏။ များမကြာမီတွင် ပြည်တွင်းပြန်များသည်လည်း ထိုရောဂါပိုး ကို သယ်ဆောင်ဖြန့်ဖြူးသူတို့ အဖြစ် သံသယ ပွားလာကြ၏။

တရုတ်နိုင်ငံတွင် ပထမ ဖြစ်ပွားပြီး နောက် ကမ္ဘာ၏ အနောက်ဘက်ခြမ်းရှိ ဥရောပ၊ အမေရိကားဒေသများသို့ ဒုတိယလှိုင်းအဖြစ် ရိုက်ခတ် ပျံ့နှံ့ခဲ့သည့် ကပ်ရောဂါသည် ဆင်းရဲသည့် နိုင်ငံများ သို့ တတိယလှိုင်းအဖြစ် ဆက်လက် နယ်ချဲ့ခဲ့ရာ မြန်မာသည်လည်း ရှောင်လွှဲ ၍ မရခဲ့ပေ။

အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့မှ ပြန်လာကြသူ နှစ်ဦးထံမှ ရောဂါပိုးကို စတင် တွေ့ရှိခဲ့ချိန်တွင် အနောက်နိုင်ငံ များသို့ သွားရောက် နေထိုင်၊ လုပ်ကိုင်သူ မရှိလှသည့် သည်အရပ် တစ်ခွင်အတွက်မူ ယင်းနှင့် ပတ်သက်၍ ကြောင့်ကြပူပန် ရမှု ပမာဏသည် ကြီးကြီးမားမား မရှိခဲ့။

ရက်တချို့အကြာတွင် ထိုင်းရောက် အလုပ်သမားများထဲမှ တစ်ဦးတွင် ရောဂါပိုးကို တွေ့ရှိလိုက်ချိန်တွင်မူ ပြည်တော်ပြန်များနှင့် ပတ်သက်၍ ကြောင့်ကြရမှုသည် စိုးရိမ် ရေမှတ်ဆီသို့ ရောက်ရှိလာခဲ့သည်။

မိသားစု ရပ်တည် ချောင်လည်ရေး အတွက် ကချင်ပြည်နယ် တစ်လွှားက ကျောက်တွင်း၊ ရွှေတွင်းများနှင့် တစ်ရှူး ငှက်ပျောစိုက်ခင်းများဆီတွင် သွားရောက် လုပ်ကိုင်နေသူ အများအပြား၊ မြန်မာ ပြည်အောက်ပိုင်း ရန်ကုန်မြို့တော်ရှိ အထည်ချုပ် စက်ရုံများက အလုပ်သမ များအပြင် နယ်စပ် အပါအဝင် တရုတ်၊ မလေး၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား တို့ဆီသို့ စွန့်ခွာ ထွက်သွားကြသူများ သည်လည်း နေရပ်သို့တဖွဲဖွဲ တသည်း သည်းနှင့် ပြန်လာနေခဲ့ကြသည်။

ယခုအခါတွင်မူ ပြည်ပခရီး မသွား ဖူးသူ ပြည်တွင်းနေသူတို့ ထံသို့လည်း ရောဂါပိုးသည် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ် ကြောင်း တွေ့ရှိလာရရာ အစိုးရသည်လည်း သူ၏ ယန္တရားတို့အား တပ်ဖြန့် ထားလိုက်သလို လူထုသို့လည်း တပ်လှန့် နှိုးဆော်ခဲ့လေသည်။

ရပ်ဝေးမှ ပြန်လာသူတို့နှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို ဆိုင်ရာတို့က အမိန့်များ၊ ညွှန်ကြားချက်များကို ထုတ်ပြန်လာကြ သည်။ ထိုအမိန့်နှင့် ညွှန်ကြားချက်များ သည် အပေါ်မှ အောက်သို့ အဆင့်ဆင့်ကို ဖြတ်သန်းပြီး သူတို့ဆီသို့ ရောက်ရှိလာ သည့်အခါ ရှုပ်ထွေးနေပြီး သကာလ နားလည်ရန် ခက်လျက် ရှိသလို နဂိုမူလ ဗဟို ထုတ်ပြန်ချက်များအား ရှာဖွေ၍ ဖတ်သည့်တိုင် ရှင်းရှင်းလင်းလင်း ပြတ် ပြတ်ထင်ထင် မရှိသည်ဖြစ်ရာ ခေါင်းမူး ဝေဒနာကိုသာ အပို ထပ်ဆောင်း ခံစားရ စေသည်။

ရွာသို့ ပြန်လာကြသူများကို ၁၄ ရက် သီးခြားထား၍ စောင့်ကြည့်ကြ ရမည်ဟု ဆိုလာသည့်အခါ ရွာပြင်တွင် တဲတွေ ထိုးကြ၊ ကျေးရွာ စာသင်ကျောင်း တွင်ထားရန် စီစဉ်ကြ၊ ရွာထဲတွင် အဝေးဒေသမှ ပြန်လာသူ ရှိ၊ မရှိ စနည်း နာကြနှင့် လုံးပမ်း အားထုတ် အလုပ်ရှုပ် ကြရသည်။

အချို့သည် အမိန့်နှင့် ညွှန်ကြား ချက်များ ထွက်မလာမီကပင် ရွာသို့ ရောက်နှင့် နေကြသည်မှာ တစ်ပတ် ဆယ်ရက်ခန့် ကြာပြီဖြစ်ကာ မိသားစုနှင့် အတူ နေထိုင်လျက်ရှိ၏။ ယင်းတို့ ပြန်လည်၍ ခွဲထုတ်ကာ သီးခြားနေထိုင် စေရသည်။ သူတို့နှင့် တစ်ပတ် ဆယ်ရက် ခန့် အတူနေခဲ့ကြသည့် ကျန်မိသားစုဝင် များကမူ အရပ်ထဲရွာထဲတွင် ပုံမှန် အတိုင်း အသွားအလာ မပျက်စေခဲ့။

အထက်ဌာနများက စေခိုင်းညွှန်ကြား ချက်များအရ ၁၄ ရက်ကြာ သီးခြား ထား၍ စောင့်ကြည့်သည် ဆိုသော်လည်း မည်ကာမတ္တ သဘောဆောင်ပါသည်။ ဝတ္တရားကျေ ဆန်ပါသည်။ ထိုသူတို့အား မိသားစုဝင်တို့က ချိုင့်ကိုဆွဲလျက် သူတို့ဆီသို့ နေ့စာ၊ ညစာ ထမင်း၊ ဟင်း သွားရောက် ပို့ဆောင်ပေးသည်။ ထမင်း လက်ဆုံ စားရင်း တစ်နာရီ၊ နှစ်နာရီကြာ အောင် စကားစမြည် ပြောသည်။ ညဘက် တွင် အပျင်းပြေစေရန် အလည်အပတ် သွားရောက်၍ အဖော်လုပ်ပေးသည်။ ပြီးလျှင် အိမ်ပြန်ကြ။ ရပ်ထဲရွာထဲသို့ ပုံမှန်အတိုင်း ကူးလူးဆက်ဆံကြ။

အဆိုပါ အခြေအနေများထဲတွင်မှ ပြုံးမိဖွယ်ရာ အဖြစ်တို့လည်း ရှိနေသေး ၏။ တောင်ဘက်နှင့် မြောက်ဘက် နှစ်ရွာ သည် ကပ်လျက် ရှိ၏။ တောင်ဘက်ရွာ သည် အုပ်စုရွာကြီးဖြစ်ပြီး အုပ်ချုပ်ရေးမှူး ရုံးထိုင်၏။ မြောက်ဘက်ရွာကမူ အုပ်စုဝင် ရွာဖြစ်ပြီး ရာအိမ်မှူးက ကွပ်ကဲ စီမံကာ အုပ်ချုပ်၏။ ၁၄ ရက် စောင့်ကြည့်မည့် အစီအစဉ်ကို ချမှတ်ရာတွင် အုပ်စုရွာနှင့် အုပ်စုဝင်ရွာအကြား သဘောထားတူညီ ခြင်း မရှိသည်မှာ မျက်စိလည်စရာ မကောင်း ပါသလော။

တောင်ဘက်ရွာ သည် ပြည်ပပြန်များကိုသာ စောင့်ကြည့် ပြီး မြောက်ဘက်ရွာကမူ အဝေးက ပြန်လာသည့် မည်သူ့ကိုမဆို ရွာသို့ အဝင်မခံတော့ဘဲ ၁၄ ရက် သီးခြားနေစေ ပြီးမှ လက်ခံ၏။ ပြီးလျှင် ထိုနှစ်ရွာသည် အကူးအသန်း မပျက်။ သည်ဘက်က စောင့်ကြည့် မခံရသူတို့သည် ဟိုဘက်သို့ ဝင်ထွက်သွားလာလျက်။

တခရီးတည်းကို အတူတူ၊ မော်တော် ဆိုင်ကယ်တစ်စီးထဲတွင် အတူတူစီးနင်း ကာ ရွာသို့ပြန်လာကြသူ နှစ်ဦးတွင် တစ်ယောက်သည် ခြေချုပ်မိ၍ ကျန်တစ် ယောက်သည် ရွာထဲတွင် အေးအေးလူလူ သွားလာနိုင်ခွင့် ရှိနေသည့်အဖြစ်လည်း ရှိနေသည်။

သတ္တဝါတို့အနက် လူသည် အဖော် အမင်ဆုံး၊ အသိုင်းအဝိုင်းကို အခင်တွယ် ဆုံး သတ္တဝါ ဖြစ်သည်။ အထီးကျန်စွာ နေထိုင်ရခြင်းတွင် မပျော်ပိုက်နိုင်ကြပေ။ အထူးသဖြင့် ကျေးရွာများဆိုသည်က ကိုယ်ထူကိုယ်ထ စုပေါင်းအားဖြင့် တည်ထောင်ခဲ့ကြသည့် ယဉ်ကျေးမှု အစဉ်အလာ ရှိခဲ့ကြခြင်း ဖြစ်သည်။ လူမှုရေးဆိုသည်မှာ ကျေးရွာတို့၏ အသက် သွေးကြောအဖြစ် ခံယူထားခဲ့ကြသည်။

ခေတ်သစ် အီလက်ထရောနစ် ဆက်သွယ်ရေး ပစ္စည်းများ ထွန်းကား တွင်ကျယ်လာသည့်တိုင် တစ်အိမ်နှင့် တစ်အိမ် ကူးလူးကာ လက်ဖက်တစ်ရိုး၊ ရေနွေးကြမ်းတခွက် ဝင်နှိုက်ကာ အာလာပ သလ္လာပ ပြောဆိုတိုင်ပင်ရသည်ကို အရသာတွေ့နေဆဲ ဖြစ်သည်။ လူဆို သည်က သူစိမ်းသူရံဆီမှ ရောဂါကူးမည် ကို ကြောက်ရွံ့သော်လည်း ကိုယ့်မိသားစု ဝင်၊ မိတ်ဆွေရင်းများနှင့် ပတ်သက်လျှင် မူ လျှော့လျှော့ပေါ့ပေါ့ တွေးတတ်ကြ လေ့ရှိသည် မဟုတ်ပါသလော။ သူသူ ကိုယ်ကိုယ်ပင် တစ်ရွာလုံးလိုသည် ဆွေမျိုး ရင်းခြာများ၊ ရပ်ဆွေ၊ ရပ်မျိုးနှင့် အပေါင်း အသင်းမိတ်ဆွေများ ဖြစ်သည်။

ထိုသို့ ပြုမူ နေထိုင်လျက် ရှိသည် ကို ဉာဏ်နည်းရန်ကော၊ ပညာမဲ့ရန် ကောဟူ၍ အပြစ်တင်နိုင် ကောင်းတင်နိုင်သော်လည်း အစဉ်အလာ ယဉ်ကျေးမှုနှင့် ဓလေ့တို့၏ လွှမ်းမိုးခံထားရမှု၊ ထိုအရာ များက မောင်းနှင်ထားသည့် စနစ် အတွင်း ဖြစ်တည် ရှင်သန်နေထိုင်ရမှု စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစား ရန် လိုအပ်ပါလိမ့်မည်။

သည်ကာလအတွင်းမှာပင် ရွာသား တစ်ဦးသည် သူ့နဂိုရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။ နာရေးဟူသည် မှာ ကြိုတင် မစီစဉ်သော်လည်း ကြုံတွေ့ ရသည့် ကိစ္စဖြစ်သည်။ ဆိုင်းငံ့ထားရန် လည်း မဖြစ်နိုင်။ မင်္ဂလာ မဆောင်ရ သည်က ကိစ္စမရှိ၊ နောက်ဆုံး သင်္ကြန်ရေ မပက်ရလည်း အကြောင်း မဟုတ်သေး။ လူစုလူဝေး မပြုလုပ်ရန် တားမြစ်မိန့်များ ထုတ်ပြန်ထားသည့်တိုင် နာရေးဟူသည် က အရပ် မကူ၊ လူမဝိုင်းဘဲ ထိုအရေး ကိစ္စကို ဖြေရှင်းနိုင်ရန်မှာလည်း မဖြစ် နိုင်ပေ။ လူအများ စုဝေးခြင်းမှ ရှောင် ကြဉ်ပါ၏ဟူသည့် သိက္ခာပုဒ်ဖြင့် ဥပုသ် သီတင်းများတွင် တရားဟောကြားခြင်း ကို ရပ်နားထားသော ရွာဦးကျောင်း ဆရာတော်နှင့် သံဃာတော်တို့သည် လည်း ဈာပနအတွက် လျှောက်ထား ပင့်ဆောင်မှုကိုမူ မငြင်းနိုင်ကြတော့။

ကိုဗစ်-၁၉ သည် အဆုတ်ရောင် ရောဂါ တမျိုးဖြစ်ပြီး လူကို အသက်ရှူကျပ် ဖြစ်စေကာ သေဆုံးခြင်းသို့ ခပ်မြန်မြန် ပို့ဆောင်နေကြောင်း သတင်းများ ဖတ်ရှု၊ နားထောင်ရင်း သို့မဟုတ် ရပ်ကွက်ထဲသို့ အိမ်လည် ထွက်ရင်း ကြားသိပြီးကြပြီး ဖြစ်သည်။ သို့သော် အဆိုပါရောဂါသည် မိမိထံသို့ ရောက်ရှိ လာပါမည်လော၊ သို့တည်းမဟုတ် ယခုပင် ကူးစက်ခံထား ရပြီး ဖြစ်သလောဆိုသည့် မေးခွန်းတို့ အတွက် အဖြေပေးရန်မှာမူ ခေါင်းခြောက် ဖွယ်ရာ ဖြစ်ပါသည်။

ဆိုင်ရာတို့သည် အမိန့်နှင့် ညွှန်ကြား ချက်များကို တွင်တွင် ထုတ်ပြန်ကာ ဆော်ဩနေသည်။ အချို့သော မြို့ရွာ များတွင် မလိုက်နာဘဲ ဖောက်ဖျက် ကျူးလွန်သူများကို အရေးယူကာ အပြစ် ဒဏ်တို့အား ချက်ချင်း ချမှတ်နေသည် တို့ကိုလည်း တွေ့ရှိရသည်။ ဘယ်မှာ တော့ မင်္ဂလာဆောင်ပွဲ ကျင်းပ၍ ထောင်ဘယ်နှလ၊ ဘယ်မှာတော့ စည်းကမ်း မလိုက်နာသဖြင့် ထောင်ဘယ် နှလ စသည်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ တာဝန်ရှိသူများကလည်း ကျန်းမာရေး ရှုထောင့်မှနေ၍ သတိပေး မှုများကို တောက်လျှောက် လုပ်ဆောင် နေသည်။

ထိုသို့သော သတိပေး ခြောက်လှန့် မှုများနှင့် အမိန့် ညွှန်ကြားချက်များ အကြားတွင် အစဉ်အလာ လူနေမှုစနစ် အား အခြေပြုထားသည့် ကျေးလက် လူ့အသိုက်အဝန်းသည် အသက်ရှူ ကျပ်နေရသည်မှာတော့ အမှန်ပင်ဖြစ်သည်။

ကိုဗစ်-၁၉ တစ္ဆေသည် ယဉ်ကျေးမှု တော်လှန်ရေး တစ်ရပ်ကို တင်သွင်းလာနေ ကြောင်း ကျေးလက်လူ့အဖွဲ့အစည်း အနေနှင့် ရိပ်မိကြဟန် မတူပေ။ သို့မဟုတ် မသိကျိုးကျွံ ပြုထားကြခြင်းလည်း ဖြစ် နိုင်ပါသည်။ အမိန့်နှင့် ညွှန်ကြားချက် တို့သည် ယဉ်ကျေးမှုနှင့် ဓလေ့တို့ကို လုံး၀ဥဿုံ လွှမ်းမိုးနိုင်ရန် မလွယ်ကူလှ သလို မည်သို့ ဖြစ်လာနိုင် ခြေ ရှိသည်ကို ခန့်မှန်းတွက်ချက် မရနိုင်သည့် ဝေဝေ ဝါးဝါး အခြေအနေ အောက်တွင် သူစိမ်း တရံဆန်စွာ အဆက်အဆံ မပြုဘဲ ကာလတခု ကြာအောင် နေထိုင်ကြရမည် ဆိုသည်မှာ ကျေးလက်အတွက် ကြီးမား သည့် စိန်ခေါ်မှုတရပ်ဖြစ်သည်။

အစဉ်အလာ ယဉ်ကျေးမှုအကြောင်း တွေးတောကြည့်သည့်အခါ သေအတူ၊ ရှင်မကွာဆိုသည့် ဆိုရိုးစကားတခုကို အမှတ်ရမိပါသည်။ မိုးပြို အများဟူသည့် စကားလည်း ရှိနေသေးသည်။ အထက် က စကားပုံ၊ ဆိုရိုးတို့၏ စွမ်းအင် သက်ရောက်နိုင်မှုကိုလည်း ဆင်ခြင် ကြည့်မိပါသည်။

တကယ်တွင်မူ ကျေးလက် ဟူသည်မှာ ကျေးလက်ချည်း သက်သက်မဟုတ်ပါ။ မြန်မာ့လူဘောင်သည် ကျေးလက် အခြေပြု စုဖွဲ့မှုဖြင့် စခန်းသွားနေဆဲ အခြေအနေတွင် ရှိနေသေးသည်ကို သတိပြုနိုင်ပါသည်။

အောင်မျိုးထက်