BREAKING
March 4, 2025

တနင်္သာရီတိုင်းတွင် အပူချိန်မြင့်တက်ပြီး အပူရှပ်နိုင်သဖြင့်သတိပြုရန်လို

March 4, 2025

ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းတွင် မတ်လ ပထမ ၁၀ ရက်အတွင်း အပူချိန်မြင့်တက်ပြီး အပူရှပ်ခြင်း (Heat Stroke) ခံစားရနိုင်သော ကြောင့် သတိပြုရန်လိုကြောင်း မိုးလေဝ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ယနေ့ မတ်လ ၄ ရက်တွင် ရေးသားထားသည်။

တနင်္သာရီတိုင်းအပါဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခု၌ မတ်လ ပထမ ၁၀ရက်အတွင်း နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်နှင့်အထက် မြင့်တက်လာနိုင်ကြောင်း ၎င်းက အင်တာနက်လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် ယခုမတ်လဆန်းကစပြီး နေ့ခင်းပိုင်း အပူဒဏ်ကို သိသိသာသာ ခံစားရကြောင်း ထားဝယ်ဒေသခံများက ပြောသည်။

“နေ့ခင်းဘက် ပန်ကာ မရှိဘဲနေလို့ မရဘူး။ အပူချိန်သိသိသာသာတက်လာတယ်။ နံနက် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီကျော်အထိက အပူဆုံးအချိန်တွေပါပဲ။ ပန်ကာဖွင့်ပြီးနေရတယ်” ဟု ထားဝယ်မြိုခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ကော့သောင်းမြို့နှင့်အနီးတဝိုက်တွင်လည်း ယခုလဆန်းပိုင်းမှစ၍ နေခင်းပိုင်းတွင် အပူဒဏ်ကို သိသိသာသာ ခံစားလာရကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့မှ တာဝန်ရှိသူ ကိုဗလကြီးက ပြောဆိုသည်။

“သုံးရက်လောက်ရှိပြီ၊ နေ့ခင်းဘက် သိသိသာသာ ပူနေတာ။ အပူဒဏ်ကြောင့် ရှော့ရတဲ့ လူနာမျိုးကတော့ မတွေ့ရသေးဘူး” ဟု ၎င်းက ပြောသည်။

ယခုနှစ် လာနီညာကြောင့် အပူချိန်မြင့်တက်မှုမှာ ၂၀၂၄ ခုနှစ် အလ်နီညိုနှစ်ထက် လျှော့နည်းသော်လည်း မတ်လအတွင်း စိုထိုင်းဆမြင့်တက်နေသော ဒေသများတွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့်အထက်အထိ မြင့်တက်နိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

ထို့ကြောင့် နေ့လယ်၊ နေ့ခင်းအချိန်များတွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့သော နေရာများ၌ အလုပ်လုပ်ကြသူများ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ရေဓာတ်ဆုံးရှုံးမှုများပြီး အပူရှပ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မတ်လ ပထမ ၁၀ရက်တွင်း တနင်္သာရီ၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာ၀တီ၊ ရန်ကုန်၊ ကရင်၊ မွန်တို့တွင် အပူချိန်မြင့်တက်နိုင်ကြောင်း ဦးဝင်းနိုင်က ရေးသားထားသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲ အထိ တိုင်းထွက်ချက်အရ တနင်္သာရီတိုင်းတွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် ၂ဒီရီစင်တီဂရိတ်ပိုခဲ့ကြောင်း ဖော်ပြသသည်။

ယမန်နေ့ ညနေပိုင်းတိုင်းထွာချက်အရ ထားဝယ်မြို့၏ အမြင့်ဆုံးအပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်၊ မြိတ်မြို့၏ အမြင့်ဆုံး အပူချိန်မှာ ၃၄ဒသမ၅ ဒီဂရီ စင်တီဂရိတ်၊ ကော့သောင်းမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၅ဒသမ၂ ဒီဂရီစတီဂရိတ်ဖြစ်ကြောင်း ဖော်ပြသည်။