မတ်လ ၁၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် တနင်္သာရီတိုင်းတွင် လျှောက်ထားသူ ငါးထောင်နီးပါးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
တိုင်းအတွင်း လောင်းလုံးမြို့နယ်မှလွဲပြီး ကျန်သည့်မြို့နယ်တိုင်းတွင် စာစစ်ဌာနဖွင့်လှစ်စစ် ဆေးသွားမည်ဖြစ်ပြီး စုစုပေါင်း စာစစ်ဌာန ၁၆ ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၄၇၅၇ ဦးရှိပြီး ဖြေဆိုခွင့်လက်မှတ်များကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီနှစ်ကတော့ ဖြေမယ့်သူတွေ ပိုများလာတယ်။ နယ်တွေမှာ ကျောင်းမတက်ရတော့ မြို့မှာ လာတက်တဲ့သူတွေ များလာကြ လို့ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ဖြေမယ့်သူတွေ တိုးလာတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်လျှောက်ထားမှုမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအမြင့်ဆုံး ဖြစ်သည်။
အာဏာမသိမ်းမီက တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ နှစ်စဉ် သောင်းဂဏန်းအထိရှိပြီး ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်တွင် နှစ်သောင်းကျော်ရှိခဲ့သည်။
၂၀၂၁ ခုနှစ်တွင်မူ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိတော့ပေ။ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပသည့် စာမေးပွဲတွင်မူ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုသူ လေးထောင်ကျော် (၄၃၅၉ ဦး) သာ ရှိသည်။
၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စနစ်ဟောင်းနှင့် စနစ်သစ် (၁၂ တန်းပညာရေး) ဟု ပြောင်းလဲဖြေဆိုစေခဲ့ရာ နှစ်ခုစလုံးပေါင်း ဝင်ရောက်ဖြေဆိုသူ လေးထောင်နီးပါ (၃၉၀၇ ဦး) ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ထက်ဝက်ခန့် လျော့ကျသွားခဲ့ပြီး စာမေးပွဲဖြေဆိုသူ နှစ်ထောင်ကျော် (၂၆၃၅ ဦး) သာ ကျန်တော့သည်။ ယင်းနောက် ၂၀၂၅ ခုနစ်တွင် ဖြေဆိုသူ ပြန်များလာခဲ့ခြင်းဖြစ်သည်။
သို့သော် ဒေသတွင်းပဋိပက္ခအခြေအနေမှာ ပိုမိုပြင်းထန်လာနေသဖြင့် တက္ကသိုလ်ဝင်တန်းတက်ရောက်သူ ယခင်အတိုင်း သောင်းဂဏန်း ပြန်ဖြစ်လာရန်မှာ မလွယ်ကူသေးပေ။
ထားဝယ်ဒေသခံ ပြင်ပကျူရှင်ဆရာတစ်ဦးကမူ တက္ကသိုလ်ဝင်တန်းဖြေဆိုသူများ သိသိသာသာ လျော့ကျလာခြင်းသည် အထက်အတန်းအဆင့်ကို မအောင်မြင်ဘဲ ကျောင်းထွက်သူ များပြားနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဒီအတိုင်းသာ ဆက်သွားနေလို့ကတော့ အနာဂတ်လူ့အဖွဲ့အစည်းအတွက် ရင်လေးစရာပဲ” ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအဖြင့်မူ ၂၀၂၅ တက္ကသိုလ်ဝင်တန်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းသူ ၂၂၀၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
တိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဖွင့်လှစ်သည့် ကျောင်းများနှင့် ကိုယ်ထူကိုယ်ထကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသူများရှိသော်လည်း ဦးရေမည်မျှ ရှိသည်ကိုမူ တိတိကျကျမသိရပေ။
လောင်းလုံးမြို့နယ်တွင်မူ အာဏာသိမ်းချိန်မှ ယနေ့အထိ အခြေခံကျောင်းများအားလုံးနီးပါး ပိတ်ထားရသည်။
တိုက်ပွဲများမှာ လောင်းလုံးမြို့ပေါ်အထိရောက်ရှိလာပြီးနောက် အထက်တန်းကျောင်းအပါအဝင် ဌာနဆိုင်ရာရုံးများ အားလုံး နီးပါး ထားဝယ်မြို့ပေါ်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရသဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ကာ လောင်းလုံးမြို့နယ်တွင် စာစစ်ဌာန မရှိတော့ပေ။