ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။
မတ်လ ၁ရက် နံနက်စောစောတွင် အဆိုပါကျေးရွာအုပ်စုရှိ ကျောက်စိမ်းကုမ္ပဏီအနီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး KTLA တပ်စိတ်တစ်စိတ်မှာ စစ်ကောင်စီတပ်၏ ပစ်ကွင်းအတွင်းရောက်သွားခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တပ်စိတ်မှူး (ဦးစိုးကြီး) အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကြောင်း ၎င်းက ဆိုသည်။
သေဆုံးသွားသူများမှာ အသက် ၂၀ မှ ၄၀ နှစ်ကြားအရွယ်ရှိသူများဖြစ်ပြီး သေနတ် ခြောက်လက်အပါအဝင် စစ်သုံးပစ္စည်းအချို့ လည်း ဆုံးရှုံးခဲ့ကြောင်း KTLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
”ဦးစိုးကြီးက ခေါင်းထိပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတယ်။ ကျန်တဲ့ရဲဘော်တွေကတော့ ပြန်လည်ခုခံရင်း လွတ်လာသူ လေးဦး ရှိခဲ့ပါတယ်”ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။
လက်ရှိတွင် အဆိုပါဒေသဝန်းကျင်၌ စစ်ကောင်စီတပ်သားများ ရှိနေသေးသည့်အတွက် တပ်ဖွဲ့ဝင်အလောင်းများကို ပြန်မယူနိုင်သေးကြောင်း ၎င်းက ဆိုသည်။
မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ပြောဆိုသည်။
“အားလုံးစုစုပေါင်းက ၁၃ ယောက်ဗျ။ အဲဒီရန်သူဧရိယာထဲကို ဝင်သွားသလိုဖြစ်ပြီး အပစ်ခံရတာ။ အဲဒီမှာခြောက်ယောက် ကျသွားတယ်။ ကျန်တဲ့သူတွေက ဘာမှမဖြစ်ဘဲ ပြန်ရောက်လာကြတယ်။ အဲဒီအချိန်က တိုက်ပွဲမဖြစ်ဘူးဗျ။ ဒီအတိုင်း ကိစ္စနဲ့ သွားရင်းကနေ ရန်သူဧရိယာထဲ ဝင်မိသလိုဖြစ်သွားကြတာ” ဟု ၎င်းက ပြောသည်။
ထိုင်းနယ်စပ် မောတောင်မြို့သို့ စစ်ကူသွားရန်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်များက သိန်ခွန်းရွာအနီးတွင် ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်နေသည်မှာ သုံးလနီးပါးရှိနေပြီဖြစ်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။
သေဆုံးသွားသူတို့မှာ တော်လှန်ရေးပူးပေါင်းတပ်ထဲတွင်ပါဝင်သည့် မည်သည့်တပ်ဖွဲ့က ဖြစ်သည်ကိုမူ သေသေချာချာ မသိရသေးဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုသည်။
အဆိုပါဒေသဝန်းကျင်တွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။