BREAKING
March 4, 2025

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ထွေအုပ်ဒုဦးစီးမှူး ပြန်လွတ်

March 4, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူးတို့ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်ဒေသခံများထံမှ သိရသည်။

မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ထွေအုပ် ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေအိမ်နှင့် ရုံးများ၌ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီး ခြောက်ရက်အကြာ မတ်လ ၁ ရက်တွင် မီးသတ်ဦးစီးမှူးနှင့် ထွေအုပ်ဒုဦးစီးမှူးတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ကြောင်း နီးသပ်သည့် ဒေသခံများက ပြောသည်။

တော်ဝင်ဘော်ဒါဆောင်ပိုင်ရှင် ဦးဇာနည်နှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံတို့ကိုမူ စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဖမ်းခံရတဲ့ ခြောက်ဦးထဲမှာ ဝန်ထမ်းဖြစ်တဲ့ မီးသတ်ဦးစီးမှူးနဲ့ ထွေအုပ်ဒုဦးစီးမှူးကတော့ ပြန်လွတ်လာတယ်။ သူတို့ ဘယ်လို ပုံစံနဲ့ လွတ်လာလည်းတော့ မပြောတတ်ဘူး။ ကျန်တဲ့ လေးယောက်ကတော့ ပြန်မလွတ်သေးဘူး။ ဖမ်းထားဆဲပဲ။ စစ်ဆေးမှုလုပ်နေတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် ပေါင်ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့ကို ခြောက်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ပတ်သက်ဆက်နွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ပြောဆိုသည်။

PDF များကို ငွေကြေးထောက်ပံ့သည်၊ ပတ်သက်ဆက်နွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပေါင်မြို့နယ်အတွင်း အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က မကြာခဏဖမ်းဆီးထောင်ချလေ့ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်းကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနှင့် မိုးနိုင်းကျေးရွာကြား တံတားတစ်ခုအောက်တွင် မိုင်းအများအပြားတွေ့ရှိသည့်အကြောင်းပြချက်ဖြင့် ဒေသခံ ၂၀ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

မွန်ပြည်နယ်၌ ၂၀၂၅ ခုနှစ်တွင် မတရားဖမ်းဆီးခံရသည့်အခြေအနေ ဆိုးရွားလာပြီး အုပ်စုအလိုက် ဖမ်းဆီးခံရသည့် ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားနေကြောင်း လဂွန်းအိမ်စာစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ တစ်လအတွင်း၌ပင် အရပ်သားပြည်သူ ၈၆ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။