BREAKING
March 4, 2025

ထရမ့်ရုပ်ပုံဖြင့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ ထုတ်ဝေရန် လွှတ်တော်တင်

March 4, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရုပ်ပုံကို ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထုတ်ဝေမည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော် ရီပတ်ဘလင်ကန်အမတ် Brandon Gill က တနင်္လာနေ့တွင် အဆိုပြုလိုက်သည်။

အဆိုပါ ဥပဒေကြမ်းကို “၂၀၂၅ ရွှေခေတ်ဥပဒေ”ဟု အဓိပ္ပါယ်ရသည့် “the Golden Age Act of 2025” ဟု အမည်ပေးထားသည်။ ယင်းဥပဒေကြမ်းကို အောက်လွှတ်တော်အမတ် Troy Nehis ကလည်း ထောက်ခံထားသည်။

“အမေရိကန်ပြည်ထောင်စုကို ရွှေခေတ်ရောက်လာအောင် သမ္မတထရမ့်ထက် ပိုလုပ်ပေးခဲ့တဲ့သူ မရှိဖူးဘူး” ဟု ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့သည့် ရီပတ်ဘလင်ကန်အမတ် Brandon Gill က ဆိုသည်။

“ဒေါ်လာ ၁၀၀ တန်ငွေစက္ကူပေါ်မှာ သူ့ပုံကို ဖော်ပြပေးတာက လာမယ့်လေးနှစ်အတွင်း သူ အောင်အောင်မြင်မြင် လုပ်ဆောင်ပြမယ့် အရာအားလုံးကို ဂုဏ်ပြုဖို့အတွက် သေးငယ်တဲ့ နည်းလမ်းတစ်ခုပါ” ဟုလည်း ၎င်းကပြောသည်။

၎င်းက ထရမ့်ပုံပါရှိသည့် ဒေါ်လာ ၁၀၀ တန်ငွေစက္ကူပုံကို X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပြီး “သမိုင်းကို ဖန်တီးကြစို့”ဟု ရေးသားခဲ့သည်။

ယင်းဥပဒေကြမ်းသာ အတည်ဖြစ်လာလျှင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ထရမ့်ပုံ ပါသည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပုံစံကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ပြန်ရမည် ဖြစ်သည်။

၂၀၂၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းမှစ၍ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်အားလုံးတွင် ထရမ့်၏ ပုံကို ရိုက်နှိပ်ဖော်ပြရမည် ဖြစ်သည်။

Source: Anadolu Ajansi