BREAKING
March 4, 2025

ယူကရိန်းကို စစ်ရေးအထောက်အပံ့အားလုံး ယာယီရပ်ဆိုင်းထားရန် သမ္မတထရမ့် အမိန့်ထုတ်

March 4, 2025

ဓာတ်ပုံ – Alfa

ယူကရိန်းကို ပေးနေသည့် အမေရိကန်စစ်ရေးအထောက်အပံ့အားလုံးကို ယာယီရပ်ဆိုင်းရန် သမ္မတရမ့်က တနင်္လာနေ့က အမိန့်ပေးလိုက်သည်။

ယင်းမှာ ယူကရိန်းသမ္မတဇလန်းစကီးက အမေရိကန်သမ္မတထရမ့် ၊ ဒုသမ္မတဂျေဒီဗန်းစ်တို့နှင့် ပြီးခဲ့သည့် အပတ်က အိမ်ဖြူတော်တွင် အငြင်းပွားခဲ့မှုကို တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇလန်းစကီးအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အမေရိကန်ဘက်မှ ဖိအားပေးလာချိန်တွင် တနင်္လာနေ့က ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဒါက စစ်ရေးအထောက်အပံ့ပေးနေမှုကို အပြီးတိုင်ဖျက်သိမ်းစွန့်လွှတ်ပစ်လိုက်တာ မဟုတ်ပါဘူး။ ယာယီရပ်ဆိုင်းထားတာပါ” ဟု ထရမ့်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Fox News သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအထောက်အပံ့များသည် စစ်ပွဲရပ်ဆိုင်းရေး အဖြေတစ်ခုရရန် အထောက်အကူ ဖြစ်မဖြစ် သုံးသပ်နိုင်ရန်အတွက် ယင်းသို့ ယာယီရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောသည်။

ယင်းမှာ ထရမ့်၏ တဇွတ်ထိုး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံးဝလက်သင့်ခံနိုင်စရာ မဟုတ်ကြောင်း ၊ ယင်းဆုံးဖြတ်ချက်မှာ အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသည်ဟု ဥရောပသမဂ္ဂဆိုင်ရာ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလင်ကန်အမတ် Brendan Boyle က ဆိုသည်။

“ဒီစစ်ရေးအထောက်အပံ့ကို ကွန်ဂရက်လွှတ်တော်မှာ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့တာပါ။ ယူကရိန်းက ပူတင်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကနေ ဒီမိုကရေစီအတွက် ရပ်တည်ကာကွယ်နေတယ်ဆိုတာကို ရီပတ်ဘလင်ကန်ရော ၊ ဒီမိုကရက်ပါတီနှစ်ခုစလုံးက အသိအမှတ်ပြုထားကြပြီးသား ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထရမ့်က ပူတင်ကို ခဏခဏ ချီးကျူးပြီး အမေရိကန်၏ မဟာမိတ်များကို အင်အားချည့်နဲ့အောင် လုပ်နေကြောင်း ၊ အင်မတန်အရေးကြီးသည့် စစ်ရေးအထောက်အပံ့များကို နိုင်ငံရေးကစားရန် ထရမ့်က အသုံးချနေကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ယူကရိန်းတွင် ရှိနေသည့် အမေရိကန်စစ်ရေးအထောက်အပံ့ပစ္စည်းများကလွဲ၍ အားလုံးကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ၊ လေယာဉ်နှင့် စစ်သင်္ဘာများပေါ် ရောက်နေသည့် ပို့ဆောင်ဆဲ ပစ္စည်းများ၊ ယူကရိန်းသို့ ပို့ပေးရန်အတွက် ပိုလန်ကို ရောက်နေပြီးသား စစ်ရေးအထောက်အပံ့ပစ္စည်းများ အပါအဝင် အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။

Source: AP News, Bloomberg, Fox News