အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါတစ်မျိုး ဖြစ်တဲ့ ကိုဗစ်ကပ်ဘေးကြောင့် လေထုသန့်ရှင်းဖို့လိုတယ်ဆိုတာ ပိုပြီး လက်ခံလာကြပါတယ်။
အထူးသဖြင့် မြို့တွေမှာ စိမ်းရောင်စုံတော Urban Green Space ရှိခြင်းဟာ အဓိပ္ပါယ်ရှိတဲ့ မြို့နေလူ့ဘဝ ဆောင်ကြဉ်းလာတယ်လို့ သတ်မှတ်လာကြပါပြီ။ Green Space လို့ ပြောလိုက်ရင် သစ်ပင်တွေက အသက်ပါ။ မြို့လယ်က သစ်ပင်တွေက လူတွေအတွက် ဘာကြောင့် အရေးကြီးတာပါလဲ။
၁။ ဝန်းကျင်ကောင်း
ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်တယ်။ သစ်ပင်တွေ ရှိခြင်းဟာ မိုးများရင် ရုတ်တရက် ရေကြီးရေလျှံတာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် မြို့ထဲမှာ ရေဆိုးရေညစ်တွေ လျှံတက်လာတာမျိုးတွေကို ထိန်းထားပေးပါတယ်။ နောက်ပြီး အခုလိုမျိုး ရေရှားပါး လာချိန်မှာ သစ်ပင်တွေ၊ အစိမ်းရောင်နေရာတွေဟာ မြေအောက်ရေထိန်းနေရာတွေ ဖြစ်ပါတယ်။

၂။ ကျန်းမာရေး
သစ်ပင်တွေ အနီးအနားမှာ ရှိခြင်းဟာ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျတာတွေကို လျော့ချပေးပါတယ်။ ဒါကြောင့် စိတ်ဖိအားလျော့စေပါတယ်။ စိမ်းရောင်စို သစ်တော သစ်ပင် ဧရိယာတွေများလာရင် လူတွေ ကိုယ်လက်လှုပ်ရှားသွားလာတာပိုများလာလို့ မြို့နေလူထု ပိုကျန်းမာလာမယ်။ မြို့ပြမှာ အပင်တွေရှိခြင်းဟာ လေထုကို ပိုသန့် စေပါတယ်။ ဒါကြောင့် နှလုံး၊ လေဖြတ်နဲ့ ရင်ကြပ်ရောဂါတွေကို သက်သာစေပါတယ်။

၃။ လေအေးစက်၊ လေသန့်စက်
သစ်ပင်တွေဟာ လေအေးစက်လည်းဖြစ်သလို လေသန့်စက်လည်း ဖြစ်ပါတယ်။ မြို့ပြမှာ အပင်တွေ ရှိခြင်းဟာ အပူသက်သာစေပါတယ်။ ၂ ဒီဂရီ ကနေ ၄ ဒီဂရီ ဖာရင်ဟိုက် အထိ ပိုအေးလာစေတယ်။ လေအေးပေးစက်လိုမျိုး အသုံးတွေကို လျှော့ကျလာစေလို့ စွမ်းအင်ချွေတာရာ လည်းရောက်ပါတယ်။ သစ်ပင်တွေက လေထုထဲမှာ အဝေးဆုံး ကိုက် ၃၀ဝ အကွာမှာ ရှိတဲ့ ဖုန်၊ မီးခိုး စတဲ့ အမှုန်အမွှားတွေကို သုံးပုံတစ်ပုံအထိ စစ်ချပေးပါတယ်။

၄။ စီးပွားရေး
ခြုံပြောရရင် နေလို့ ထိုင်လို့ကောင်းတဲ့ နေရာ၊ နေလို့ ထိုင်လို့ မြို့ဆိုရင်တော့ အိမ်ခြံမြေဈေးကောင်းတတ်ပါတယ်။ မြို့ပြဆိုင်ရာ ဘောဂဗေဒ ဘာသာရပ်တွေမှာလည်း အဲလိုပဲပြောကြတယ်။ အနီးဝန်းကျင်မှာ သစ်ပင်တွေ ရှိခြင်းဟာ ကိုယ့်ရဲ့ အိမ်ခြံမြေတန်ဖိုး တက်စေပါတယ်တဲ့။
ဒါကြောင့် ကိုဗစ်လိုမျိုး ကပ်ဘေးအရေးမှာ ပိုသက်သာရာရအောင်၊ သာမန်လူနေမှု ဘဝ အဆင့်မြင့်အောင် မြို့လယ်မှာ သစ်တော သစ်ပင်တွေ စိုက်ကြဖို့ လိုနေပါပြီ။
