ပွင့်လင်းရာသီရောက်လာတော့ မြို့ တိုင်း၊ ရွာတိုင်းမှာ ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဇာတ်ပွဲ များကို ခြိမ့်ခြိမ့်သဲ ကျင်းပလျက် ရှိကြ စမြဲ။ ညမိုးချုပ်တာနဲ့ ပွဲခင်းဆီက ဆိုင်း သံ၊ ဗုံသံ တဂျိမ်းဂျိမ်း တဂျက်ဂျက်လည်း ထွက်ပေါ်လာပြီ။ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ သူတွေက ပျားပန်းခတ်မျှ တိုးတိုးဝှေ့ဝှေ့နဲ့ သွားလာကြလျက် ပွဲခင်း လည်း စည်ကားလာပြီ။ တလင်းလင်း တလက်လက်ဖြစ်နေတဲ့ ဇာတ်စင်ပေါ်မှာ တော့ ကန့်လန့်ကာက ချထားဆဲ။
ပွဲကြည့်သူ ပရိသတ်နဲ့ ကပြဖျော် ဖြေသူ အနုပညာရှင်တို့ တွေ့ဆုံပြီး အနု ပညာရသ မျိုးစုံ ခံစားနိုင်ဖို့အတွက် အဲဒီ ကန့်လန့်ကာကို ဆွဲတင်လိုက်ရမှာပဲ ဖြစ်ပါ တယ်။ ကန့်လန့်ကာကို ဆွဲတင်လိုက် တာနဲ့ အက၊ အဆို၊ အငို ရသမျိုးစုံနဲ့ ဖျော်ဖြေတင်ဆက်မှု အစီအစဉ် စတင်ပေပြီ။ အဆို၊ အက အပြင် ပြဇာတ်၊ တေး သရုပ်ဖော် စသဖြင့် ညဉ့်ဦးယံကစပြီး၊ မိုးသောက်ယံအထိ ပုံသဏ္ဌာန်အမျိုးမျိုး နဲ့ ဖျော်ဖြေတင်ဆက်ကြတဲ့ အနုပညာရှင် များရဲ့ အရည်အသွေးက အဲဒီဇာတ်သဘင် အောင်မြင်မှုရဖို့အတွက် အဓိကကျတဲ့ အကြောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။
အနုပညာရှင်တွေရဲ့ အရည်အသွေး အပေါ်မူတည်ပြီး၊ ပရိသတ်တွေရဲ့ ချီးကျူးသံ၊ ဝေဖန်သံတွေ ထွက်ပေါ်လာစမြဲ။ နာမည်ကြီး ဇာတ်သဘင်တွေဆိုရင် ဘယ် မင်းသားက ဘယ်လို အကကောင်းတာ၊ ဘယ်မင်းသမီးက ဘယ်လို အဆိုကောင်း တာ။ ပြဇာတ်က အခန်းဆက်တွေ ဘယ် လိုလှတာ၊ အချိတ်အဆက်မိတာ၊ ဇာတ်ဝင် ခန်းတွေက ဘယ်လို ဆွဲဆောင်မှုရှိတာ၊ ဆိုင်းဝိုင်းက အတီးဘယ်လိုကောင်းတာ၊ ဆောင်းဘောက်၊ မီးဆလိုက် စတဲ့ စက် ပစ္စည်းတွေ ဘယ်လို ကောင်းတာ စတဲ့ ချီးကျူးသံတွေ တသောသော ညံနေတတ် ပါတယ်။
အဲဒီဇာတ်သဘင်မှာ ဇာတ်ဝင်ခန်း တွေရဲ့ အခန်းဆက်တွေ လှလှပပရှိဖို့၊ တစ်ခန်းနဲ့ တစ်ခန်း အချိတ်အဆက်မိဖို့၊ အဝင်အထွက် မှန်ကန်ဖို့အတွက် လုပ် ဆောင်ပေးရတဲ့ လူတစ်ယောက် ရှိပါတယ်။ သူကတော့ ဇာတ်စင်ရဲ့ ထောင့်တစ်နေရာ မှာ တစ်ညလုံးထိုင်ပြီး ဇာတ်ဝင်ခန်း အလိုက် ကားလိပ်ဆွဲရတဲ့ သူပါပဲ။ ကား လိပ်ဆွဲသူဟာ ဇာတ်ဝင်ခန်းတွေနဲ့ လိုက် လျော ညီထွေဖြစ်အောင် ကန့်လန့်ကာကို ဘယ်အချိန်မှာချမယ်၊ ဘယ်အချိန်မှာ တင်မယ် စသဖြင့် စောင့်ကြည့်နေရပြီး၊ ကန့်လန့်ကာ အတင်အချကို တစ်ညလုံး လုံး လုပ်ရပါတယ်။
ဒါပေမယ့် ကားလိပ်ဆွဲသူဆိုတာ ဇာတ်တစ်ခုလုံး သပ်သပ်ရပ်ရပ်ဖြစ်အောင် အစီအစဉ်တကျ ကားလိပ်ကို ဘယ်လို ဆွဲဆွဲ ဘယ်သူကမှ ကားလိပ်ဆွဲသူကို တော်လိုက်လေခြင်းလို့ ချီးကျူးစကား မပြောကြပါဘူး။ ပွဲကြည့်ပရိသတ်တွေ ဆိုရင် သူရှိလို့ရှိမှန်းတောင် သတိမထား မိကြပါဘူး။
ကားလိပ်ဆွဲသူနဲ့ ပတ်သက်ပြီး ကျွန်မတို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောဆိုကြတဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ “မင်းလိုကောင်က ဇာတ်ထဲဝင်ရင် ကားလိပ်ဆွဲပဲ ဖြစ်မှာ”ဆိုတဲ့စကား။ လူတစ်ယောက်ကို ဘာအရည်အချင်းမှ မရှိဘူးလို့ ညွှန်းဆိုတဲ့အခါ အဲဒီစကားကို ရပ်ရွာထဲမှာ သုံးကြတာ တွေ့ရပါတယ်။
တကယ့်လက်တွေ့မှာရော။ ရပ်ထဲ ရွာထဲမှာ ပြောဆိုတဲ့အတိုင်း ဖြစ်နေတာ ဟုတ်ပါရဲ့လား။
ကားလိပ်ဆွဲသူက တစ်ကွက်မှား လိုက်တာနဲ့ မင်းသား၊ မင်းသမီးတွေ ဝင်ရမလို၊ ထွက်ရမလိုနဲ့ ပြဇာတ်ရဲ့ ဇာတ်ဝင်ခန်း ဖရိုဖရဲ ဖြစ်သွားတာမျိုးကို ငယ်ငယ်တုန်းက ခဏခဏ တွေ့ဖူးပါတယ်။ ဆိုလိုတာက ကားလိပ်ဆွဲသူလည်း သူ့တာဝန်နဲ့သူ ဇာတ်သဘင်တစ်ခု အောင်မြင်ဖို့အတွက် အခြားအနုပညာရှင် များနည်းတူ တစ်ထောင့်တစ်နေရာက တာဝန်ယူထားရသူပါ။
ဇာတ်ဝင်ခန်းတွေ သေသေသပ်သပ် နဲ့ တစ်ခန်းပြီးတစ်ခန်း ကန့်လန့်ကာ အတက်အကျ မှန်မှန်နဲ့ တစ်ညလုံးလုံးထိုင် ပြီး ကားလိပ်ကို ဆွဲပေမယ့် ရှိတယ်လို့ တောင် မထင်ရတဲ့ ကားလိပ်ဆွဲ။
အလုပ်လုပ်နေပေမယ့် လုပ်နေတယ် လို့ မထင်ရတဲ့ ကားလိပ်ဆွဲ။ အမေ့လျော့ခံ ကားလိပ်ဆွဲ။
ဒါက ဇာတ်သဘင်တစ်ခုမှာ တွေ့မြင် နေကျဖြစ်တဲ့ ကားလိပ်ဆွဲသူပေါ့။ ကျွန်မ တို့ရဲ့ ပတ်ဝန်းကျင် တကယ့်လက်တွေ့ဘ၀ မှာရော။ အဲဒီလို ကားလိပ်ဆွဲနေရာကို ပျော်ပျော်ကြီး တာဝန်ယူလုပ်ဆောင်ရင်း၊ အမေ့လျော့ခံ လူသားတွေအဖြစ် ဘ၀တစ်ခု ကို ဖြတ်သန်းနေတဲ့သူတွေ ဘယ်လောက် များ ရှိနေပါသလဲ။ ကျွန်မ တွေးမိတယ်။ ကန့်လန့်ကာ ရှေ့ထွက်ကြသူတွေ လက်ခုပ် ဩဘာသံ တဖြောင်းဖြောင်းနဲ့ ချီးကျူး ဂုဏ်ပြုခံရဖို့အတွက် နောက်ကွယ်က ကူညီပံ့ပိုးသူ ကားလိပ်ဆွဲတွေ ဘယ်နှစ် ယောက်များ ရှိနေမှာပါလဲ။ အဲဒီကားလိပ် ဆွဲတွေကို ဘယ်သူတွေက အရေးတယူ၊ အလေးဂရုပြု နေကြပါသလဲ။
နောက်ကွယ်က ကူညီပံ့ပိုးသူရဲ့ အခန်းကဏ္ဍဟာ အလုပ်တစ်ခုအောင်မြင် ပြီးမြောက်ဖို့အတွက် ဘယ်လောက်အထိ အရေးပါအရာရောက်သလဲ။ ကန့်လန့်ကာ ရှေ့ထွက်ရတဲ့သူက အဓိက ကျတာလား၊ ကန့်လန့်ကာနောက်ကွယ်က ပံ့ပိုးပေးရတဲ့ သူက အဓိကကျတာလား။ အဖြေကတော့ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်၊ ကိုယ်ထိတွေ့လုပ်ကိုင်ရတဲ့ အလုပ်အကိုင် အပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားကြ မယ် ထင်ပါတယ်။
ကန့်လန့်ကာရှေ့ထွက်ပြီး လူလုံးပြ၊ ချီးကျူးဂုဏ်ပြုခံကြရတဲ့ သူတွေကရော။ ကိုယ်စင်ပေါ်ရောက်ဖို့အတွက် ကိုယ့် နောက်ကွယ်က ကူညီပံ့ပိုးသူတွေကို သတိ ရမိပါရဲ့လား။ သတိရသူလည်း ရှိသလို၊ သတိမရသူလည်း ရှိမှာပါပဲ။ တချို့ ကတော့ လူတစ်ယောက် အောင်မြင် တာဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ဥာဏ် ရည်ထက်မြက်မှုကြောင့်လို့ပဲ တစ်ထစ်ချ မှတ်ယူတတ်ကြ ပြန်ပါတယ်။
ကိုယ့်ဘ၀ ကန့်လန့်ကာရှေ့ လှလှ ပပဖြစ်ဖို့အတွက် ကားလိပ်ဆွဲတွေရဲ့ အထောက်အပံ့ကို မေ့လျော့နေတတ် ကြပါတယ်။ လက်ခုပ်ဩဘာပေးကြတဲ့ သူတွေကလည်း ကန့်လန့်ကာရှေ့ထွက် လာတဲ့သူတွေလောက်ကိုပဲ ချီးကျူး ဂုဏ်ပြုဖို့ သတိရ တတ်ကြပါတယ်။
ဒီနေရာမှာ အိမ်ထောင့်တာဝန် အားလုံးကို ထမ်းဆောင်နေရတဲ့ တချို့ အိမ်ရှင်မတွေကို သတိရမိပါတယ်။ သူတို့ တွေက အိမ်ထောင့်တာဝန်တွေကို တစ် နေ့လုံးမနားမနေ ထမ်းနေရပေမယ့် ဝင်ငွေ မရှာနိုင်ခြင်းဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ အလုပ်မလုပ်သူ မှီခိုသူ တွေအဖြစ် သူတို့ကို သတ်မှတ်လိုက်ကြတယ်။ ဝင်ငွေရှာနိုင်သူကတော့ အိမ်ထောင် ဦးစီး၊ အိမ်ထောင် တစ်ခုမှာ တာဝန်ကျေ သူဖြစ်ရပြီး ကန့်လန့်ကာရှေ့ထွက်ရပ် ခွင့်ရတဲ့သူတစ်ဦး ဖြစ်လာခဲ့တယ်။
ကန့်လန့်ကာရှေ့ထွက်ရပ်ရသူနဲ့ နောက်ကွယ်ကပံ့ပိုးသူ အခန်းကဏ္ဍဟာ နယ်ပယ်တိုင်းမှာ ရှိနေပါတယ်။ ဘယ်သူ က ပိုအရေးပါတယ်ဆိုတာထက် တစ်ဦး ကိုတစ်ဦး အပြန်အလှန် အမှီသဟဲပြုပြီး၊ တစ်ဦးကျေးဇူးကို တစ်ဦးသိမယ်ဆိုရင် သိပ်ကောင်းတဲ့ ရလဒ်ကို ရရှိကြမှာပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ အရေးပါအရာ ရောက်မှုကို တိုင်းတာတွက်ဆကြတဲ့အခါ ကိန်းဂဏန်းတွေနဲ့ မျက်စိရှေ့မှာ မြင်လိုက် ရတဲ့အရာ တွေကိုပဲ ဆုံးဖြတ်လိုက်ကြတာ များပါတယ်။
တကယ်တမ်းကျတော့ တချို့လူတွေဟာ ကိန်းဂဏန်းအားဖြင့် တွက်ဆလို့မရတဲ့ အသုံးဝင်မှုတန်ဖိုးတွေ ရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘ၀ မှာ တစ်ခါတလေ မျက်စိရှေ့မှာ မြင်ရ တဲ့အရာတွေချည်း သက်သက်နဲ့ ဆုံးဖြတ် လို့ မရပါဘူး။
ဘယ်လိုအလုပ်မျိုးဖြစ်ဖြစ် တာဝန် ကျေအောင်လုပ်ဆောင်နေတယ်ဆိုရင် သူ့နေရာနဲ့သူ တန်းဖိုးရှိကြတာချည်းပါပဲ။ မင်းသား၊ မင်းသမီးကလည်း ဇာတ်သဘင် တစ်ခု အောင်မြင်ဖို့အတွက် အဓိကကျ သလို ကားလိပ်ဆွဲသူလည်း ဇာတ်သဘင် အောင်မြင်ဖို့ အတွက် အဓိကကျတာပါပဲ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် သူ့ဂုဏ်သိက္ခာနဲ့ သူတော့ ရှိကြတာချည်းပါပဲ။
ကန့်လန့်ကာရှေ့ထွက်လာတဲ့ သူတွေ ကိုသာ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ချီးကျူးဩဘာပေးဖို့ သတိရကြတယ် ဆိုတာ သဘာ၀ပါ။ ဒါကိုလက်မခံ နိုင်စရာ မရှိပါဘူး။ ဒါပေမယ့် ဇာတ်စင်ရဲ့ ထောင့် တစ်နေရာမှာထိုင်ပြီး ကားလိပ် ဆွဲရတဲ့ သူကို ချီးကျူးစကားမပြောနိုင်ရင်တောင် နှိမ့်ချလိုတဲ့သဘောနဲ့ ပြက်ရယ်ပြု ပြောင် လှောင် ပြောဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။
အားလုံး ကြားဖူးတဲ့ စကားတစ်ခွန်း နဲ့ပဲ နိဂုံးချုပ်ပါရစေ။
“အလုပ်ဟူသမျှ ဂုဏ်ရှိစွ”တဲ့။
နီမာဦး(အံဒင်)