တေးရေး စောခူဆဲ ရေးသားပြီး ဂရေဟမ် သီဆိုထားတဲ့ ဒဏ်ရာမဲ့အနာဆို တဲ့ သီချင်းလေးကို မကြာခဏဆိုသလို နားထောင် ဖြစ်တယ်။ ဂရေဟမ်ရဲ့ အသံ လေးက ချိုချိုလေးနဲ့ဆိုတော့ အတော်ကို နားဝင်ချိုတဲ့ သီချင်းတစ်ပုဒ်လို့ ပြောရမှာ ပါ။ သီချင်းစာသားရော၊ သံစဉ်ပါ အလွန် ကောင်းတဲ့ သီချင်းမို့ လူတိုင်းနီးပါး ခံစား လို့ရမှာပါ။ အသည်းကွဲနေသူများအဖို့ အတော်ကို ဖီးလ်လို့ကောင်းမယ့် သီချင်းမျိုးပေါ့။
ဒီသီချင်းရဲ့ခေါင်းစဉ်လေးက ကျွန်တော့် ကို အတွေးများစွာ ပွားစေပါတယ်။ ဒါကြောင့်လည်း သီချင်းခေါင်းစဉ်လေးကို ကျွန်တော့်ဆောင်ပါးရဲ့ခေါင်းစဉ်အဖြစ် ယူသုံးမိပါတယ်။ ပိုင်ရှင်ကိုတော့ ခွင့် မတောင်းဖြစ်ပါဘူး။ အလှမ်းကွာလွန်းလို့ ပါ။ မူရင်းဖန်တီးသူတွေအနေနဲ့ ခွင့်လွှတ် နားလည်ပေးဖို့ တောင်းပန်လိုက်ပါရစေ။
ဒီနေရာမှာ ဒဏ်ရာတွေကို ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ် အမျိုးအစားခွဲကြည့် နေမိတယ်။ အတွင်းဒဏ်ရာနဲ့ အပြင် ဒဏ်ရာတို့ဟာ စမ်းသပ်လို့ရနိုင်တဲ့ ဒဏ်ရာမျိုးတွေပါ။
အပြင်ဒဏ်ရာကတော့ မျက်စိနဲ့မြင်နိုင်တဲ့ ဒဏ်ရာမျိုး ဖြစ်တယ်။ ဒါပေမယ့် စိတ်ဒဏ်ရာကိုတော့ ကာယကံ ရှင်က ထုတ်ဖော်မပြရင် သိရဖို့ခက်ပါ တယ်။ ကျွန်တော့်အနေနဲ့ စိတ်မှာဖြစ်တဲ့ ဒဏ်ရာကို တစ်နည်းအားဖြင့် စိတ်မှာ ဖြစ်တဲ့အနာကို ဒဏ်ရာမဲ့အနာလို့ နာမည် ပေးချင်ပါတယ်။
ကျွန်တော်တို့အများစုဟာ အရေ ပြားပေါ်က ဒဏ်ရာကိုသာ သတိထားမိ တတ်ကြပါတယ်။ မြင်သာထင်သာရှိလို့ လည်း ဖြစ်မှာပါ။ သွေးသံရဲရဲနဲ့ဆိုတော့ မြင်ရတွေ့ရသူအပေါင်းကို အတော်လေး စိတ်ထိခိုက်ခံစားရစေပါတယ်။ အဲဒီအချိန် မှာပဲ မြင်ရသူရဲ့ ရင်ထဲမှာ ဒဏ်ရာမဲ့အနာ တစ်ခုကို မသိမသာရော၊ သိသိသာသာ ရော ရသွားစေပါတယ်။ ထိုကဲ့သို့သော ဒဏ်ရာမဲ့ အနာပေါင်းများစွာကို ကျွန်တော် တို့ ဘ၀တစ်လျှောက် ခဏခဏ ကြုံတွေ့ ခံစားကြရဖူးမှာပါ။
ဒီနေ့ကပဲ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးတင်ထားတဲ့ ပို့စ်လေးတစ်ခုက ကြည့်ရှုမိသူများကို များစွာစိတ်ထိခိုက် ကြေကွဲမိ စေပါတယ်။ ခြေအတုတပ်ဆင် ထားရတဲ့ကောင်မလေးက “သစ်ပင်တွေ လို ခြေထောက်ပြန်ပေါက်လာမှာလား မေမေ”တဲ့။ အဲဒီစာသားလေးနဲ့ ကလေးမ လေးရဲ့ပုံကိုတွေ့မိချိန်မှာ နှလုံးကို ဆွဲညှစ် လိုက်သလို ခံစားရပါတယ်။ ကလေးရဲ့ အသက်က ခန့်မှန်းရသလောက် ငါးနှစ် ဝန်းကျင်လောက်။ ကျွန်တော်တို့တစ်တွေ တောင် အတော်ခံစားနေရတာ မိဘတွေဆို ဘယ်လောက်ထိ စိတ်ထိခိုက်ကြေကွဲခံစားနေရမလဲမသိ။ အဲဒီပို့စ်လေးက မြင်မိ သူအပေါင်းကို ဒဏ်ရာမဲ့အနာတွေ ရစေ ပါတယ်။ အဖြစ်ဆိုးလှတဲ့ ကလေးလေး အတွက် ယူကျုံးမရဖြစ်မိပါတယ်။
တစ်ဖက်က ပြည်တွင်းစစ်တွေ ချုပ် ငြိမ်းအောင် ကြိုးစားအားထုတ်နေချိန်မှာပဲ အခြားတစ်ဖက်မှာတော့ ယုံကြည်ချက် ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေး ချယ်လာကြတဲ့ အဖွဲ့အသစ်တွေလည်း ထပ်မံပေါ်ပေါက်လျက် ရှိပါတယ်။ နောက် ဆုံးပေါ်အဖွဲ့သစ်ကတော့ ဗဗ ပါ။ စစ်ဖြစ်ပြီဆိုရင် အဓိက ထိခိုက်နစ်နာရသူ တွေက ပြည်သူတွေပါ။ ဒါကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
လောလောလတ်လတ်အနေနဲ့ ကျွန်တော့်ကို အကြီးအကျယ်စိတ်ထိခိုက် မိစေတာ တစ်ခုရှိပါတယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတာကို သိပေမယ့်လည်း “ပြတ်သွားတဲ့လက်ကို ပြန်လိုချင် ပါတယ်”ဆိုတဲ့စကားကို ပြောလာသူက အသက် ၁၇နှစ်အရွယ် ဆယ်တန်းကျောင်း သားလေးတစ်ဦး။ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာက မောင်ကိုကိုဟိန်း ပါ။ မြစ်ဆိပ်မှာ ရေဆင်းချိုးရင်း သူငယ် ချင်းတွေနဲ့အတူ ဘောလုံးကန်နေချိန် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် လက်တစ်ဖက် ပြတ်သွား ခဲ့ရတာပါ။
ဘယ်သန်ကောင်လေးတစ်ယောက် အနေနဲ့ ဘယ်လက်တစ်ဖက်ဆုံးရှုံးသွားရခြင်းလောက် ဆိုးရွားတာ မရှိနိုင်ပါဘူး။ အဆိုးဆုံးက ဆယ်တန်းစာမေးပွဲဖြေဆိုရ မယ့်ရက်က တစ်လလောက်ပဲလိုတော့တဲ့ အချိန်မှာ အခုလိုမျိုး ဖြစ်သွားရတာပါ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကိုးတန်း ကျောင်းသားလေးရဲ့အကူအညီနဲ့ ဖြေဆို ခွင့်ရှိပေမယ့် ကိုယ့်လက်နဲ့ကိုယ် ရေးဖြေရ သလောက် အားရမှုမရှိနိုင်ပါဘူး။ ကံ အကျိုးပေးကိုပဲ အပြစ်ဖို့ရတော့မလား၊ စစ်ကိုဖန်တီးနေသူတွေကိုပဲ အဖြစ်ဖို့ရ မလား ဝေခွဲမရအောင်ပါပဲ။
အလားတူပဲ ဖေဖော်ဝါရီလ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့ ကလေးများနေ့မှာ ဘူးသီး တောင်မြို့နယ် ခမွီးချောင်းကျေးရွာက မူလတန်းကျောင်းပေါ်ကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ကလေးငယ် ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။ ဒီသတင်းကို ကြားရသူအပေါင်း မှာလည်း ဒဏ်ရာမဲ့အနာတွေ ထပ်ရသွား ကြမှာမလွဲပါ။
ကျွန်တော်တို့နိုင်ငံမှာ ကိုယ့်ပုဂ္ဂလိက ခံစားချက်ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာမဲ့အနာ တွေအပြင် အခုလိုမျိုး အဖြစ်ဆိုးတွေကြောင့် ရလာတဲ့ ဒဏ်ရာမဲ့အနာတွေ နောက်ထပ် ဘယ်လောက်များ ထပ်ရနေကြဦးမလဲ မသိ။ ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မကြုံ ကြရဖို့ လုပ်သင့်တာတွေကို အမြန်လုပ် ဆောင်နိုင်ကြဖို့ကိုပဲ ဆုတောင်းနေမိတောတယ်။
ဒဏ်ရာမဲ့အနာတွေ နောက်ထပ် အလိုမရှိတော့ပါ။ ။
သန်းဇော်ဦး(ရလိုင်)