ပါကစ္စတန်နိုင်ငံ၊ Quetta မြို့တွင် Tik Tok သုံးစွဲသည့် ဆယ်ကျော်သက် သမီးဖြစ်သူအား ဖခင်ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
၁၅နှစ်အရွယ် သမီးဖြစ်သူ Tik Tok ပေါ် တင်ထားသည့် ဗီဒီယိုများကို မနှစ်မြို့သည့်အတွက် ဖခင်ဖြစ်သူ Anwar ul-Haq က ပြီးခဲ့သည့်သီတင်းပတ် အင်္ဂါနေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
သမီးဖြစ်သူ၏ ဝတ်စားဆင်ယင်မှု၊ ဘဝနေထိုင်မှုဟန်ပန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးပုံစံတို့ကို သူမ၏ မိသားစုက မနှစ်မြို့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ကနဦးတွင် သမီးဖြစ်သူအား ပစ်သတ်ခဲ့သူမှာ မည်သူမည်ဝါမှန်း မသိရကြောင်း ဖခင်ဖြစ်သူက လိမ်လည်ထွက်ဆိုခဲ့သေးသည်။
၎င်းမိသားစုသည် အမေရိကန်နိုင်ငံတွင် ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးမှ ပါကစ္စတန်နိုင်ငံသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ အသတ်ခံရသည့် မိန်းကလေးမှာ အမေရိကန်နိုင်ငံတွင် နေထိုင်စဉ်ကတည်းက Tik Tok ပေါ်သို့ ဗီဒီယိုများ တင်နေခဲ့သူ ဖြစ်သည်။
ယင်းလူသတ်မှုမှာ ပါကစ္စတန်တွင် ဖြစ်လေ့ဖြစ်ထများသော ‘မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု’ (Honor killing) ဟုတ်မဟုတ် ရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးနေသည်။
လူသတ်မှုဖြင့် ဖခင်ဖြစ်သူအား ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး ယင်းလူသတ်မှုနှင့်ပတ်သက်၍ အသတ်ခံရသူမိန်းကလေး၏ ဦးလေးတစ်ဦးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ပြစ်မှုထင်ရှားပါက ဖခင်ဖြစ်သူနှင့် ဦးလေးဖြစ်သူတို့ နှစ်ဦးစလုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် မိသားစုဝင်များက ကျူးလွန်သည့် ‘မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု’ ဖြစ်စဉ် များကြောင့် နှစ်စဉ် အမျိုးသမီးဦးရေ တစ်ထောင်ကျော်သေဆုံးလျက်ရှိသည်။
၂၀၂၃ ခုနှစ်က အီတလီနိုင်ငံတွင် သမီးဖြစ်သူကို သတ်ဖြတ်မှုဖြင့် ပါကစ္စတန် ဇနီးမောင်နှံနှစ်ဦးအား တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ဖူးသည်။ ၎င်းတို့ စီစဉ်ပေးသည့် လက်ထပ်ပွဲကို ငြင်းဆန်မှုကြောင့် ၁၈ နှစ်အရွယ် သမီးဖြစ်သူအား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
Source : CNN, BBC